Monday, 4 May 2015


ထိုင်းနိုင်ငံမှ 7-eleven ဆိုင်တနေရာ (photo - howtosurvivethailandtips.blogspot.com)

ထိုင်းက ၂၄ နာရီဖွင့်တဲ့ နာမည်ကျော် 7-Eleven ကုန်စုံဆိုင်တွေမှာ အရက်၊ ဘီယာ၊ အအေး၊ မုန့်ခြောက်နဲ့ တိုလီမုတ်စတွေကို ရောင်းရုံမက မိုဘိုင်းဖုန်း ငွေဖြည့်ကတ်၊ လစဉ် ရေခ မီးခတို့ကို ပေးချေငွေသွင်းလို့ ရတာကြာပါပြီ။ အခုတော့ လေယာဉ်ပျံလက်မှတ်ပါ ဝယ်လို့ရပါတော့မယ်။


စရိတ်နည်း လေကြောင်းလိုင်းတခုဖြစ်တဲ့ Thai Smile Airways က 7-Eleven ကိုပိုင်တဲ့ CP ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Counter Service ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ လေယာဉ်လက်မှတ် ကြိုတင်မှာယူတာတွေ၊ ငွေပေးချေတာတွေ အချိန်မရွေးပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးတော့မှာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

အသွားအပြန် လေယာဉ်လက်မှတ် ကြိုတင်မှာယူတာ ငွေချေတာတွေကို လုပ်နိုင်မယ်လို့ သိရပါတယ်။  ခရီးသည်တွေအနေနဲ့ ပထမဆုံး ThaiSmileAir.com ကနေတဆင့် ထိုင်ခုံနေရာမှာယူနိုင်ပါတယ်။ ပြီးရင် ဘားကုဒ်ကို ပရင့်ထုတ်ယူပြီး သွားရောက်မယ့် အချိန်မတိုင်မီ ဘယ် 7-Eleven ဆိုင်မှာမဆို ငွေပေးသွင်းလို့ ရပါတယ်။ ငွေပေးချေထားတဲ့ ဖြတ်ပိုင်းကို လေဆိပ်မှာ လေယာဉ်စီးတဲ့အခါ e-ticket အနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း 7-Eleven ဆိုင်တွေမှာ သွားပြီးတော့ ကြိုတင်မှာယူခြင်း၊ ငွေပေးချေခြင်းတွေ တိုက်ရိုက် ပြုလုပ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ဘတ်ငွေ ၂ ဘီလီယံ ရရှိခဲ့တဲ့ Counter Service က အခုနှစ်အတွင်းမှာ ရောင်းအားကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြား အထိတိုးတက်လာဖို့အတွက် အခုလိုလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

 
 Thai Smile Airway ဟာ Thai Airways International ရဲ့ လုပ်ငန်းခွဲတခုလည်းဖြစ်ပါတယ်

Thai Smile  လေကြောင်းလိုင်းကလည်း အခုနှစ်အတွင်းမှာ ခရီးသည် အရေအတွက် ၃.၈ သန်းအထိရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်တဲ့။ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်းမှာ ခရီးသည် ၁.၂ သန်းကို သူတို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။

0 comments:

Post a Comment