Tuesday, 5 May 2015




(Written By: မာန်သူရှိန်)

၈ ပေ၊ ၁၀ ပေပဲရှိတဲ့ ဓနိမိုး ထရံကာ အခန်းမျိုးမှာ သူတို့တွေစုပြုံပြီး ငှားနေကြတယ်။ ထမင်းဖြူတစ်ထုပ်နဲ့ ဘဲဥ၊ ဒါမှမဟုတ် ထမင်းဖြူတစ်ထုပ်နဲ့ လမ်းဘေးက အသုပ်တစ်ပွဲလိုဟာမျိုးနဲ့ ဖြစ်သလိုပဲ သူတို့ရဲ့ ဝမ်းရေးအနပ်နပ်ကို ဖြေရှင်းကြတယ်။ ပြီးတော့ သူတို့တစ်ရက်ကို အလုပ်အနည်းဆုံး ရှစ်နာရီနဲ့အထက် မပျက်မကွက် လုပ်ကြတယ်။
မြန်မာနိုင်ငံမှာ လက်ရှိတကယ်လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံပေါင်းက အနီးစပ်ဆုံး ၄၀၀ ဝန်းကျင်လောက် ရှိတယ်လို့ အလုပ်သမား အဖွဲ့အစည်းအချို့က ခန့်မှန်းထားကြတယ်။ (အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ထားသည့်စာရင်းသာဖြစ်)

အဲ့ဒီစက်ရုံ ၄၀၀ ဝန်းကျင် အဆင်ပြေပြေလည်ပတ်ဖို့ လုပ်သားပေါင်း နှစ်သိန်းနဲ့အထက်က လုပ်ပေးနေကြတယ်။ အဲ့ဒီ နှစ်သိန်းနဲ့အထက်ရှိတဲ့ အခြေခံလုပ်သားတွေထဲမှာ အများစုက ၈ ပေ ၁၀ ပေ အခန်းကျဉ်းထဲ စုပြုံငှားရမ်းပြီး ဖြစ်သလိုစားသောက်ရင်းနဲ့ စက်ရုံ ၄၀၀ ဝန်းကျင်အတွက် လက်ရှိ အလုပ်လုပ်ပေးနေ ကြရတာပါ။

တစ်နည်းအားဖြင့် စက်ရုံ ၄၀၀ ဝန်းကျင်ကို ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ (တစ်ရုံတစ်ဦးပိုင် ဆိုရင်တောင် ၄၀၀ ဦးထား) အတွက် အခြေခံလုပ်သားတွေက လူတန်းစေ့မနေရတဲ့ လုပ်ခနှုန်းထားတွေနဲ့ လုပ်ပေးနေကြတာပေါ့။
ဘာကြောင့်လဲဆိုတော့ စစ်တမ်းကောက်ယူထားတဲ့ နှုန်းအရ ရန်ကုန်မှာ လူတစ်ဦးရဲ့ တစ်ရက်ပျမ်းမျှ ကုန်ကျစရိတ်က ကျပ် ၃၅၀၀ ရှိတယ်လို့ ထုတ်ပြန်ထားတယ်။ ဒီလိုပဲ အလုပ်သမား အဖွဲ့အစည်းတွေကလည်း လုပ်သားတစ်ဦး တစ်ရက်ကို မဖြစ်မနေ ကုန်ကျမယ့် သွားတိုက်ဆေးဖိုးကအစ ၄၁ မျိုးအတွက်အ နိမ့်ဆုံးဈေးတွေနဲ့ တွက်ထားတာက တစ်လ ကျပ် ၇၀၀၀၀ နီးပါးအထိ ရှိတယ်။ ဒါက လုံး၀ နေစရိတ်မပါတဲ့ ကုန်ကျစရိတ်ပါ။

ဒီလိုအချိန်မျိုးမှာ အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်တွေက အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက် ကျပ် ၁၅၀၀ ပဲ ပေးမယ်လို့ တင်းခံနေကြတာ တွေ့တော့ အရင်တုန်းက အရင်းရှင်တွေ လုပ်အားခ ခေါင်းပုံဖြတ်တဲ့ပုံစံနဲ့ သွားတူနေတဲ့အတွက် တကယ်လို့ တစ်ရက်လုပ်အားခ ကျပ် ၁၅၀၀ ပဲ သတ်မှတ်မယ်ဆိုရင်တော့ အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ဝန်းကျင် ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်တွေကိုလည်း လုပ်အားခ ခေါင်းပုံဖြတ်တဲ့ ခေတ်သစ်အရင်းရှင်လို့ သတ်မှတ်ကြရတော့မှာပဲ။

လူတန်းစေ့ မနေရဘူးဆိုတာ

၈ ပေ၊ ၁၀ ပေ အခန်းဆိုလို့ တစ်ယောက်တစ်ခန်း ငှားနေတယ်မထင်နဲ့ တစ်ခန်းမှာ အနည်းဆုံး နှစ်ယောက်ကနေ လေးယောက် လောက်အထိ စုပြီးငှားနေကြရတာ။
၈ ပေ ၁၀ ပေ ဓနိမိုးထရံကာ အခန်းကျဉ်းတစ်ခန်းက တစ်လကို ကျပ် ၂၅၀၀၀ အနည်းဆုံး ပေးရတယ်၊ သွပ်မိုး ထရံကာ အခန်းက တစ်လကို ကျပ် ၃၀၀၀၀ လောက် အနည်းဆုံးပေးငှားရတယ်။
ဘဲဥတို့ အသုပ်တို့နဲ့ စားကြတယ် ဆိုတာတောင် ဒါက အခြေခံလုပ်သားတိုင်း မဟုတ်သေးဘူး။ အမျိုးသမီးငယ်လေးတွေဆို ဘဲဥတို့ အသုပ်တို့ ဝယ်စားလိုက်ရင် လကုန်တဲ့အခါ ကျပ်သုံးလေးသောင်း အိမ်ပြန်မပို့နိုင်မှာစိုးလို့ တာရှည်ခံ ငံပြာရည်ကျော်၊ ငါးပိကြော်လိုမျိုး လုပ်ထားပြီး ဝမ်းရေးအနပ်နပ်ကို ဖြေရှင်းလိုက်ကြတယ်။ အပြင်ထမင်း ဟင်းကို မေ့ထားပြီး အိမ်ပြန်ပို့မယ့် လုပ်ခလစာလေး ပိုထွက်ဖို့ ကျစ်ကျစ်ပါအောင် စုနေကြရတဲ့ အခြေခံလုပ်သားတွေကလည်း ဒုနဲ့ဒေးပါပဲ။

အထည်ချုပ်လုပ်ငန်းက အခြေခံလုပ်သားတစ်ဦးက သူ့ရဲ့နေ့စဉ် စားသောက်နေတဲ့ပုံစံကို ပြောပြတဲ့အခါမှာ ထမင်းဖြူက နှစ်ထုပ်ဝယ်ရတယ်။ တစ်ထုပ်တစ်ရာ၊ ဘဲဥက တစ်ခြမ်းရောင်းတဲ့ဆိုင်ဆို တစ်ခြမ်းဝယ်တယ်။ တစ်ခြမ်းမရောင်းတဲ့ ဆိုင်ကျတော့ တစ်လုံးဝယ်လိုက်ရတာပေါ့။ ဘဲဥမစားချင်တော့တဲ့နေ့ဆိုရင် အသုပ်တို့ ဟင်းရွက်ကျော်တို့ ဝယ်စားလိုက်တယ်။ ဘဲဥဆို တစ်လုံး ၂၀၀၊ ညနေဘက်ဆိုရင် ငံပြာရည်ကျော်ကို အဆောင်မှာ ဘူးနဲ့ထည့်ထားတယ်။ ထမင်းဖြူ ၂၀၀ ဖိုးဝယ်ပြီး ငံပြာရည်ကျော်နဲ့ စားပါတယ်။ အဲ့ဒီလိုစားတဲ့ရက်က များပါတယ်။ စားချင်စိတ်ရှိလာလို့ သားငါးနဲ့များများ စားမိတဲ့လ၊ အဝတ်အစားလိုလို့ နည်းနည်းဝယ်လိုက်ရတဲ့ လဆိုရင်တော့ အိမ်ကို ငွေပြန်မပို့နိုင်တော့ဘူး။ နေစရိတ် စားစရိတ်နဲ့တင် ကုန်သွားတာပဲ။ အိမ်ကလည်း ငွေလို ကိုယ်ကလည်း မပို့နိုင်တဲ့လဆိုရင် သူငယ်ချင်းတွေ ဆီကနေချေးပြီး ပေးရတယ်လို့ ပြောပြပါတယ်။

ခြုံကြည့်ရင် ၈ ပေ ၁၀ ပေ အခန်းထဲမှာ လူသုံးလေးယောက် နေရတယ်ဆိုကတည်းက ဘယ်လောက်အထိ ကျပ်ညပ်နေမလဲ။ စားတဲ့အခါမှာလည်း ကိုယ်ကြိုက်တာ စားချင်တာ ဘေးချိတ်ပြီး လကုန် အိမ်ကိုငွေသုံးလေးငါးသောင်း လွှဲနိုင်ဖို့ကိုပဲ ရည်ရွယ်ချက်ထားပြီး လူတန်းစေ့အောင် မနေနိုင် မစားနိုင်ပဲ ခြိုးခြံစားသောက်ရတဲ့ အခြေအနေ၊ တစ်နည်းအားဖြင့် လူတန်းစေ့ မနေနိုင်တဲ့ ဘ၀တွေပေါ့။



ဝင်ငွေနဲ့ ထွက်ငွေ

ရန်ကုန်အထည်ချုပ် လုပ်သားတွေထဲမှာ လစာမတူတဲ့ အုပ်စုလိုက်ခွဲရင် အကြမ်းဖျင်း သုံးစုလောက်ခွဲ လို့ရတယ်။ အလုပ်သင်၊ လိုင်းအလိုက်ချုပ်နိုင်တဲ့သူ၊ အထည်ဖြတ်တဲ့သူဆိုပြီး အကြမ်းဖျင်းခွဲနိုင်တယ်။
ရန်ကုန်မှာတော့ အလုပ်သင်က အချိန်ပိုကြေးပါပါမှ တစ်လ ကျပ် ၄၀၀၀၀၊ ၅၀၀၀၀ ဝန်းကျင်ပဲ အများစုရတယ်။ လိုင်းအလိုက် ချုပ်တဲ့သူ အများစုကတော့ ကျပ် ၉၀၀၀၀ လောက်ရတယ်။ ဖြတ်တဲ့သူကတော့ ကျပ် ၁၅၀၀၀၀၊ ၁၆၀၀၀၀ လောက်တော့ အများစုရကြတယ်။ အချိန်ပိုကြေးပါ အပါအဝင်။
အလုပ်သမား အဖွဲ့အစည်းတွေရဲ့ အနီးစပ်ဆုံးတွက်ထားတဲ့ အချိုးအရဆိုရင် စုစုပေါင်းလုပ်သား ထဲမှာ အလုပ်သင်က ရာခိုင်နှုန်း ၂၀၊ လိုင်းအလိုက်ချုပ်တဲ့သူက ရာခိုင်နှုန်း ၆၀ နဲ့ ဖြတ်တောက်တဲ့ သူက ရာခိုင်နှုန်း ၂၀ လောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားတယ်။

အောက်ဆုံးလည်းမယူနဲ့ အမြင့်ဆုံးလည်းမယူနဲ့ ရာခိုင်နှုန်း ၆၀ ရှိတဲ့ လိုင်းအလိုက်ချုပ်တဲ့သူတွေရဲ့ လစာနဲ့ စားဝတ်နေရေး ကုန်ကျစရိတ် ကာမိမှုရှိမရှိ တွက်ကြည့်လိုက်ရင် လောက်ငမှုရှိမရှိဆိုတာ ပေါ်လွင်မှာပဲ။
တစ်လလုံး အချိန်ပိုတွေဘာတွေပါဆင်းမှ ကျပ် ၉၀၀၀၀ ရတယ်။ လုပ်သားတစ်ယောက်ရဲ့ လူတန်းစေ့ ကုန်ကျစရိတ်က စားတာရောဘာရော အပါအဝင် ကျပ် ၇၀၀၀၀ နီးပါးရှိတယ်။ ရန်ကုန်မှာ နေစရိတ်က စုပြုံနေရင်တောင် တစ်လကျပ် ၁၀၀၀၀ နဲ့အထက် ကုန်တယ်။ ပြီးပြီ ရတဲ့လစာက နေတာစားနဲ့တင်ကုန်ပြီ ကျန်းမာရေး မကောင်းရင်တောင် ကုစရာ စရိတ်မကျန်တော့ဘူး။

ဒီတော့ တစ်လ ကျပ် သုံးလေးသောင်း ပိုထွက်ဖို့အတွက် သူတို့တွေက လူတန်းစေ့မနေ လူတန်းစေ့မစားတော့ပဲ မလောက်မငနဲ့ စုဆောင်းနေရတယ်၊ လစာအနည်းဆုံးရတဲ့ အလုပ်သင်လို အနေအထားဆို လုံးဝမလောက်ငတာ ထင်ထင်ရှားရှားပါပဲ။

နယ်မှာဆို ဥပမာ-ရေနီက SUMEC အထည်ချုပ်စက်ရုံမှာဆိုရင် အခြေခံလစာက ကျပ် ၁၅၀၀၀ ကနေ ကျပ် ၃၅၀၀၀ အထိပဲရတယ်။ အဲ့ဒီအတွက်လည်း ဆန္ဒပြခဲ့ကြသေးတယ်။
ကျပ် ၉၀၀၀၀ ဆိုရင် တစ်ရက် ကျပ် ၃၀၀၀ ဝင်ငွေရှိနေပါပြီ။ ဒါပေမယ့် အဲ့ဒီကျပ် ၃၀၀၀ ရတဲ့ အလုပ်သမားတွေတောင်မှ မလောက်ငှတာ သူတို့ထက်နိမ့်တဲ့ အခြေခံအကျဆုံး လုပ်သားတွေဆို ပိုဆိုးနေလို့ လစာတိုးပေးဖို့၊ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးဖို့ ဆန္ဒတွေပြလာကြတယ်။

အဲ့ဒီလို အချိန်မှာ အထည်ချုပ် လုပ်ငန်းရှင်တွေဘက်က အနိမ့်ဆုံး လုပ်ခလစာကို တစ်ရက် ကျပ် ၁၅၀၀ ပဲသတ်မှတ်မယ်လို့ပြောတာ ခေါင်းပုံဖြတ်တာနဲ့ တူမနေဘူးလား။

တစ်ရက် ၄၀၀၀ ကျပ် မသတ်မှတ်နိုင်ဘူးလား

ထိုင်းနိုင်ငံမှာ တစ်ရက်ကို အနိမ့်ဆုံးလုပ်ခလစာက ဘတ် ၃၀၀၊ မြန်မာငွေနဲ့ ကျပ် ၉၀၀၀ ကျော်၊ သတ်မှတ်ထားတယ်။ ဗီယက်နမ်နိုင်ငံမှာ ဒေသအလိုက် လေးခုခွဲပြီး သတ်မှတ်တာမှာ တစ်ရက်ကို ငါးဒေါ်လာနီးပါးအထိ သတ်မှတ်ထားတယ်။
မလေးရှားမှာတော့ ရင်းဂစ် ၉၀၀၊ မြန်မာငွေနဲ့ဆိုရင် တစ်လ ၂၈၀၀၀၀ လောက် သတ်မှတ်ထားသလို အဲ့ဒီနှုန်းအတိုင်းပေးတယ်။ မြန်မာက သွားလုပ်တဲ့သူတွေဆို နေစရာလည်းပေးတယ် တစ်လရင်းဂစ် ၉၀၀ လည်းပေးတယ်။

အဲ့ဒီတော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတွေက တစ်ရက်ကို ကျပ် ၉၀၀၀ နဲ့အထက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးပေးနေတဲ့အချိန် မြန်မာနိုင်ငံမှာ သူတို့ရဲ့ တစ်ဝက် တစ်ရက် ကျပ် ၄၀၀၀ အနည်းဆုံး မသတ်မှတ်သင့်ဘူးလား မေးစရာရှိပါတယ်။ (အထည်ချုပ်များ အတွက်သာ)

နောက်တစ်ချက်က စစ်တမ်းကောက်ယူမှုအရ ရန်ကုန်မှာ လူတစ်ဦး တစ်ရက်ပျမ်းမျှ ကုန်ကျစရိတ်ဟာ ကျပ် ၃၅၀၀ ရှိနေတဲ့အချိန်မှာ တစ်ရက် အနိမ့်ဆုံး လုပ်ခလစာဟာ အထည်ချုပ် လုပ်ငန်းတွေအတွက် ကျပ် ၄၀၀၀ မသတ်မှတ်သင့်ဘူးလား။
နောက်ဆုံးတစ်ချက်အနေနဲ့ တစ်ရက် ကျပ် ၃၀၀၀ လောက် ဝင်ငွေရှိတဲ့သူတောင် မလောက်မငဖြစ်နေတဲ့ အချိန်မှာ အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက်ကျပ် ၄၀၀၀ မသတ်မှတ်သင့်ဘူးလား။
လုပ်သားအများစုရဲ့ဘဝက မျက်မြင်ထင်ရှား မလောက်မင ဖြစ်နေတဲ့အချိန်မှာ အထည်ချုပ်လုပ်ငန်း ရှင်တွေက ၁၅၀၀ ကျပ်ပဲ သတ်မှတ်ချင်တယ် ဆိုတာကတော့ ခေါင်းပုံဖြတ်တဲ့သဘော၊ အရင်းရှင်ဆန်တယ်လို့ပဲ ယူဆစရာ ကျန်ပါတော့တယ်။

တစ်နိုင်လုံး တစ်ပြေးညီ ကျပ် ၄၀၀၀ မသတ်ချင်ရင်တောင် ရန်ကုန်ကို ကျပ် ၄၀၀၀၊ ၄၅၀၀ နယ်ဆိုရင် ကျပ် ၂၅၀၀၊ ၃၀၀၀ သတ်မှတ်ရင်လည်း ဖြစ်နိုင်တာပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျပ် ၁၅၀၀ လမ်းကြောင်းကိုပဲ ရွေးချယ်သလဲဆိုတာလဲ မေးစရာရှိပါတယ်။

တစ်ဖက်သတ်တည်းမဟုတ်ပါဘူး

အထည်ချုပ်လုပ်ငန်းရှင်တွေ ဘက်မှာလည်း အခက်အခဲတွေ ရှိမှာပါပဲ။ စက်ရုံနဲ့မြေငှားခ တစ်စတုရန်းမီတာကို တစ်နှစ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၂၀ နဲ့အထက် အထိပေးနေရတာ။
တင်ပို့တဲ့အခါမှာ ကွန်တိန်နာ ကားသမားတွေအတွက် စားရိတ်က အဆုံး Custom နဲ့ ဆိပ်ကမ်းတွေအလယ် သင်္ဘောပေါ် ကွန်တိန်နာတစ်လုံး ရောက်တဲ့အထိ အဆင့်ဆင့် Undertable မပေးမဖြစ် ပေးနေရတာ။ အစိုးရဘဏ်တွေမှာ နိုင်ငံခြား ငွေစာရင်းရှာပြီး လက်မှတ်မြန်မြန် ထိုးဖို့လိုတဲ့အခါ ကျပ်ထောင်ဂဏန်းကနေ ကျပ်သောင်းဂဏန်းလောက်အထိ ကုန်ကျနေတာတွေ။ သက်ဆိုင်ရာဌာန ဆိုင်ရာတွေနဲ့ ဆက်ဆံတဲ့အခါ မဖြစ်မနေ ကုန်နေရတဲ့ Undertable ဒုက္ခတွေလည်း ဝန်ထုပ် ဝန်ပိုးဖြစ်ရင် ဖြစ်နေကြမှာပါ။

နောက်ထပ်အရေးကြီးတဲ့ လျှပ်စစ်မီးပြဿနာ၊ ကျွမ်းကျင်လုပ်သား ပြဿနာကအစ နောက်ဆုံး ၁၀ အိမ်မှူးအထိ ဧည့်စာရင်းကြေး ပေးနေရတဲ့ ကုန်ကျစရိတ် ပြဿနာတွေရှိကလည်း ရှိနေတုန်းပဲ။
စက်မှုဇုန်တွေအနေနဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း ဌာနဆိုင်ရာတွေကို တစ်နှစ် တစ်နှစ် မလိုအပ်ဘဲ ကျပ်သိန်းရာနဲ့ချီ ပေးနေရတဲ့ ကုန်ကျစရိတ်တွေကလည်း စက်ရုံတွေကပဲ ကျခံနေရတာ။ သူများနိုင်ငံတွေလို Duty Free အခွင့်အရေးမျိုးမရဘဲ အခွန်အခ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာတွေလည်း ရှိနေမှာပဲ။
ချုပ်လိုက်ရင် အလုပ်ရှင်တွေ ဘက်မှာလည်း အခက်အခဲပေါင်း စုံရှိနေမှာပါပဲ။

အလုပ်ရှင် အခက်အခဲအတွက် အလုပ်သမားက ဝင်ရှင်းပေးရဦးမှာလား

အလုပ်သမားတွေက လစာနဲ့ မလောက်ငလို့ သူ့ရပိုင်ခွင့်အတွက် သူဆန္ဒပြတယ်။ ဆန္ဒပြလို့ အကြမ်းဖက်ဖြိုခွင်း၊ ပုဒ်မ ၁၈ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့တပ်ပြီးတောင် တရားစွဲခံထားရပြီးပြီ။ ဒါက သူ့ရပိုင်ခွင့်အတွက် သူ့အခက်အခဲအတွက် သူ့ဟာသူ ဖြေရှင်းတာ။
ဒီလိုပဲ အလုပ်ရှင်တွေဘက်က အခက်အခဲ ရှိတယ်ဆိုရင် ကိုယ့်ဟာကိုယ် ဖြေရှင်းကြရမှာလေ၊ အလုပ်ရှင် အခက်အခဲအတွက် အလုပ်သမားတွေက ထောင်ကျခံပြီး ထပ်ပြီး ဆန္ဒပြပေးရဦးမှာလား ဆိုတာလည်း မေးခွန်းထုတ်ရမလို ဖြစ်နေပြီ။ အလုပ်ရှင်တွေက အစိုးရဘက်ကို အတင်းအကျပ် ပြောရမှာကိုမပြောဘဲ လုပ်သားတွေအပေါ် လစာတိုးမပေးရရေးပဲ တင်းခံနေတဲ့ ပုံစံဖြစ်နေတယ်။

အလုပ်ရှင်တွေ ပြောပြောနေတဲ့ အခက်အခဲဆိုတဲ့ အပိုင်းမှာ နှစ်ပိုင်း ရှိပါတယ်။ အစိုးရနဲ့ အလုပ်ရှင်ပဲ ဖြေရှင်းရမယ့်အပိုင်းနဲ့ အလုပ်ရှင်ကိုယ်တိုင်ပဲ ဖြေရှင်းရမယ့်အပိုင်းပါ။
မြန်မာအခြေခံလုပ်သားတွေက ကျွမ်းကျင်အဆင့်မဟုတ်ဘူး ဒါကြောင့် လစာတိုးမပေးနိုင်တာလို့တော့ ပြောလို့မရဘူး။ အစိုးရလည်း ကျွမ်းကျင်လုပ်သား လုံလောက်အောင် သင်တန်းတွေ အများအပြား ပေးနိုင်တာ မဟုတ်ဘူးဆိုပြီးလည်း ထိုင်ပြောလို့မရဘူး။

ကျွမ်းကျင်အလုပ်သမားတွေ ရလာအောင် အလုပ်ရှင်ကိုယ်တိုင်က လေ့ကျင့်သင်ကြားပေးပြီး ကိုယ့်အလုပ်အတွက် လုပ်အားနှုန်း စဉ်ဆက်မပြတ်ရဖို့ ကိုယ်တိုင်တည်ဆောက်ယူကြတာ မဟုတ်ဘူးလား။
Undertable ကိစ္စတွေကအစ မလိုအပ်ဘဲ ပေးရလို့ကုန်ကျ၊ ကြိုးနီစနစ်တွေကြောင့် ကုန်ကျတာမျိုးတွေကို ကိုယ်တိုင်ကြုံနေရတာ အစိုးရကို ကိုယ်တိုင်တင်ပြကြလေ။
စက်ရုံငှားရမ်းခတွေ ဈေးတအား မြင့်တက်နေတာကလည်း ခရိုနီရယ်၊ ပိုင်ရာဆိုင်ရာ လူတန်းစား တစ်ရပ်ရယ်ကြောင့် ဖြစ်နေတာလေ။ ဥပမာ-စက်မှုဇုန်တစ်ခုမှာ စက်ရုံလုပ်ငန်းလည်း ဘာမှမလုပ်ဘဲ ပိုင်ရာ ဆိုင်ရာ နာမည်တွေနဲ့ တစ်ယောက်ကို မြေကွက်ငါးကွက် ခြောက်ကွက် ထက်မကယူ၊ ပြီးတော့ ကိုင်ထား၊ ငှားခတွေ ဈေးထပ်တင်ပြီး ပြန်ငှားလုပ်စား နေတာမျိုးတွေလည်း လုပ်ငန်းရှင်တွေ သိနေတာပဲ။ စက်ရုံငှားခ အခက်အခဲအတွက်လည်း အဲဒီလိုလုပ်စားတဲ့ ခရိုနီနဲ့ ပိုင်ရာဆိုင်ရာတွေကို ဖော်ထုတ်ကြပြီး ပြောကြရမှာ အလုပ်ရှင်တွေ လုပ်ရမယ့်အလုပ်တွေပါပဲ။

လျှပ်စစ်မီတာခများရင် လျှော့ပေးဖို့ အလုပ်ရှင်တွေက အစိုးရကို ပြောရမှာ၊ အခွန်အခ ဝန်ပိတာတွေ အတွက်လည်း အစိုးရကို အလုပ်ရှင်က တင်ပြရမှာ မရရင် အလုပ်သမားတွေလိုပဲ တောင်းဆိုကြပေါ့။
အခုတော့ အထည်ချုပ် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်အခက်အခဲအတွက် ကိုယ်တိုင်တိုက်ယူရမှာကိုကျ မယူဘဲ မြေနိမ့်ရာ လှံစိုက်သလို လုပ်အားခကိုပဲ နှိမ်ချပေးချင်တဲ့ပုံစံ ဖြစ်နေတယ်။ အရင်းရှင်ဆန်ဆန်ပဲ ကျင့်သုံးချင်တဲ့ သဘောဖြစ်နေတယ်လို့ ပြောရင်လည်း လွန်မယ်တောင် မထင်ဘူး။

အထည်ချုပ်ကဏ္ဍမှာ ကြားနေကျ စကားတစ်ခုရှိပါတယ်။ လုပ်အားခဈေးတက်သွားရင် အထည်ချုပ် လုပ်ငန်းတွေ တခြားနိုင်ငံကို ပြောင်းသွားလိမ့်မယ်၊ အထည်ချုပ်ကဏ္ဍ ပြိုလဲသွားလိမ့်မယ်ဆိုတဲ့ လက်သုံးတော်စကားပါ။
လုပ်အားခဈေးတက်သင့်လို့ တက်ရတော့မှာကတော့ မတက်ဘဲ နေလို့မရပါဘူး။
အထည်ချုပ်ကဏ္ဍမှာ FOB နဲ့ လုပ်တာ၊ တိုက်ရိုက်အော်ဒါ၊ တစ်ဆင့်ခံအော်ဒါ ဆိုပြီး အစားစားခွဲပြီး လုပ်ကြတယ်။
ဘယ်အမျိုးအစားက အများဆုံးရသလဲဆိုတာ လုပ်ငန်းရှင်တွေ သိတာပဲ။ တစ်ဆင့်ခံထက် တိုက်ရိုက်အော်ဒါက ဈေးပိုရတယ်ဆိုရင် တိုက်ရိုက်အော်ဒါ ရအောင်ရှာပြီး တိုးပေးမယ့် လုပ်အားခ ကုန်ကျစရိတ်ကို ပြန်ကာမိအောင်လုပ်ရမှာ အလုပ်ရှင်ရဲ့ အလုပ်ပါပဲ။ အလုပ်သမားက ဈေးကွက်လိုက်ရှာပေးဖို့ လိုနေသေးသလား မေးရမလိုဖြစ်နေပါပြီ။

ဥပမာ-၂၀၀၉၊ ၂၀၁၀ ခုနှစ် တွေတုန်းက အမေရိကန် တစ်ဒေါ်လာကို ကျပ် ၇၀၀ အောက်ရောက် သွားတဲ့အချိန်မှာ ကုန်ထုတ်လုပ်ငန်း ပို့ကုန်လုပ်ငန်းရှင်တွေ အရမ်းထိနာခဲ့ကြတယ်။ အဲဒီအချိန်မှာ ပရိဘောဂ လုပ်ငန်းရှင်တစ်ဦးဟာ သူ့ဟာသူ ပြည်ပကုန်စည်ပြပွဲတွေထွက်ပြီး လိုက်ပြတယ်၊ ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်သစ်တွေ သူ့ဟာသူရှာပြီး လုပ်ခဲ့လို့ မယိုင်မလဲဘဲ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တယ်။ အဲဒီအချိန်မှာ သူ့ဈေးကွက်ပျက်လို့ ငွေဈေးတွေကျပြီး ထိခိုက်လို့ဆိုပြီး သူ့အလုပ်သမားတွေအပေါ်က လုပ်အားခကို လျှော့ချတာ မျိုးမလုပ်ပါဘူး။ လုပ်ငန်းရှင် လုပ်ရမယ့်အပိုင်းကို သူ့ဟာသူတာဝန်ယူ လုပ်သွားတာပါပဲ။

အခုလည်း အထည်ချုပ် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ရှင်းရမယ့် အပိုင်းကို ကိုယ့်ဟာကိုယ်ရှင်းရမှာပါ။ အနိမ့်ဆုံး လုပ်ခလစာကို ရန်ကုန်မှာ ၄၀၀၀၊ နယ်မှာ ကျပ် ၂၅၀၀ ကနေ ၃၀၀၀ သတ်မှတ်ပေးကို ပေးရတော့မှာပါ။
တစ်ရက် ၄၀၀၀ မပေးချင်ရင် ရန်ကုန်တစ်ဈေး၊ နယ်တစ်ဈေးသတ်မှတ်ပြီး နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်လိုနေရာတွေမှာ စက်မှုဇုန်တွေ အများကြီးရှိတယ်။ လုပ်လည်း လုပ်နေကြပြီ။ လမ်းလည်းကောင်းနေပြီ။ အဲဒီကိုပြောင်းပြီး တစ်ရက် အနိမ့်ဆုံး ၂၅၀၀၊ ၃၀၀၀ သတ်မှတ် လာနိုင်တဲ့ နေရာတွေကို ရွှေ့ပြီးလုပ်ကြဖို့ပဲ ရှိတော့တယ်။

အလုပ်သမားဘက်က ငတ်နေလို့၊ စားမှုသောက်မှု နေထိုင်မှုက ခြိုးခြံရလွန်းလို့ ဂိတ်ဆုံးနေတာ ဖြစ်တဲ့အတွက် သူ့ဘက်က လျှော့ချဖို့ဆိုတာ ဘာမှ မရှိတော့ဘူး။ တစ်ရက် ၄၀၀၀ ကျပ်လောက်အထိ သူ့ကိုတိုးပေးရုံကလွဲပြီး နည်းလမ်းမရှိတော့လို့ သူတို့ကလည်း တောင်းဆိုနေတာ။

ကိုယ်တိုင်ရှင်းရမယ့် ကိုယ့်အခက်အခဲကို အင်တိုက်အားတိုက် မရှင်းဘဲ လုံး၀လျှော့လို့ မရတော့တဲ့ အလုပ်သမားဘက်ကိုချည်းပဲ တစ်ရက် ကျပ် ၁၅၀၀ ပဲပေးချင်တယ်လို့ တင်းခံနေမယ်ဆိုရင် ဒါဟာအရင်း ရှင်ဆန်တယ်လို့ပဲ သတ်မှတ်ကြမှာပဲ။

အထည်ချုပ်ကိုပဲ ဘာကြောင့် ပြောသလဲဆိုရင် ဒီနှစ်ပိုင်းတွေမှာ မလောက်ငလို့ လစာတိုးတောင်းတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ အထဲမှာ အထည်ချုပ် အပါအဝင် လက်ခစားစနစ်နဲ့လုပ်တဲ့ စက်ရုံတွေမှာ ဆန္ဒပြတာက ၉၅ ရာခိုင်နှုန်းအထိ ရှိနေတာရယ်၊ ကျန်တဲ့စက်မှုကဏ္ဍတွေက အနိမ့်ဆုံးလုပ်ခ သတ်မှတ်မယ့်ကိစ္စမှာ ဘာမှအငြင်းသိပ်မပွားဘဲ အထည်ချုပ်တစ်ခုတည်းက လက်တွေ့နဲ့ ဝေးကွာတဲ့ တစ်ရက် ကျပ် ၁၅၀၀ ပဲသတ်မှတ်ချင်တယ်ဆိုပြီး ဖြစ်လာနေတဲ့အတွက်ပါ။

ဟုတ်ပြီ အလုပ်ရှင်တွေဘက်က ဘယ်လောက်ပဲ ၁၅၀၀ ကျပ်လို့ပြောပြော အလုပ်သမား ဝန်ကြီးဌာနကတော့ ၁၅၀၀ ထက်မက တိုးပြီး သူကတော့ မဖြစ်မနေ သတ်မှတ်တော့မှာကိုလည်း အလုပ်ရှင်တွေ သိပြီးသားပါ။
အစိုးရအနေနဲ့လည်း လုပ်အားခ သတ်မှတ်ပေးပြီးရင် ငါ့အလုပ်ပြီးပြီလို့ သတ်မှတ်လို့မရပါဘူး။ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုတွေကို မထိန်းပေးသရွှေ့ မထိန်းနိုင်သရွှေ့ အလုပ်ရှင်က လုပ်အားခတိုးပေးလည်း အလုပ်သမားခမျာ ကုန်ဈေးနှုန်းကြောင့် ဒုက္ခထပ်ရောက် ကြရအုံးမှာပဲ။ မတက်သင့်တဲ့ အခြေခံ စားသောက်ကုန်ဈေး၊ မဖြစ်သင့်တဲ့ အိမ်ခြံမြေဈေးတွေ မထိန်းသရွှေ့လည်း လုပ်ခတိုးရတယ်ဆိုတဲ့ နာမည်ပဲရှိမယ် ဒုက္ခထပ် ရောက်ရအုံးမှာပဲ။ အခု လုပ်ခလစာ တိုးပြီးသွားပြီ ဆိုရင်တောင် လုပ်ငန်းရှင်ချည်းပဲ မဟုတ်ဘူး အစိုးရအနေနဲ့ လုပ်ပေးရမယ့် အပိုင်းတွေ အများကြီး ရှိပါသေးတယ်။



အရင်းရှင်မဆန်ဘူးဆိုခဲ့ရင်

အလုပ်သမားတွေ တစ်ရက်အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ၁၈၈၆ ခုနှစ် မေ ၄ ရက်၊ အမေရိကန်နိုင်ငံ ချီကာဂို အလုပ်သမား အရေးအခင်းကနေစပြီး ကမ္ဘာ့အလုပ်သမားနေ့ ပေါ်လာတယ်။ အဲဒီနောက်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း အလုပ်သမား အခွင့်အရေးအတွက် တောင်းဆိုတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေ ပေါ်လာတယ်။

၁၈၉၀ ခုနှစ် မေ ၁ ရက်ကစပြီး ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပတာက အခုဆို ၁၂၅ ကြိမ်ရှိခဲ့ပြီ သူတို့ဆီက အလုပ်သမား အခွင့်အရေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရသွားခဲ့ကြတယ်။
မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခု နှစ် ကိုလိုနီခေတ်မှာ နယ်ချဲ့အရင်းရှင် ဘီအိုစီ ကုမ္ပဏီရဲ့ ခေါင်းပုံဖြတ်မှုတွေကို မခံနိုင်လို့ စခဲ့တဲ့ ရေနံမြေ အလုပ်သမား သပိတ်ကြီးဖြစ်ခဲ့တာ ခုဆိုရင် ၇၇ နှစ်တိုင်သွားပြီ။
ရေနံမြေမှာ အလုပ်လုပ်ရပြီး မီးထွန်းဖို့တောင် ရေနံဆီလုံလောက်အောင် မပေးနိုင်တဲ့အထိ ဖိနှိပ်တဲ့ အတွက် ရေနံသပိတ် ဖြစ်ပေါ်ခဲ့ရတာ။

ရေနံမြေသပိတ်သာ ၇၇ နှစ်တိုင်သွားတယ် အစိုးရအဆက်ဆက်ရဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်မှု၊ အလုပ်သမား အခွင့်အရေးအပေါ် လျစ်လျူရှုမှုတွေကြောင့် အခုအထိ ကျန်တဲ့အခွင့်အရေးကိုထား ခေတ်ကာလနဲ့ လျော်ညီတဲ့ အနိမ့်ဆုံး လုပ်ခလစာလေးကိုတောင် မသတ်မှတ် ပေးနိုင်ကြသေးပါဘူး။

အခုတော့ မလောက်ငမှုတွေ ရပ်တန့်သွားအောင် အလုပ်သမားအနေနဲ့ တရားစွဲဆိုခံပြီး ဆန္ဒပြတောင်းဆို ခဲ့တဲ့နောက်မှာ အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်နိုင်မယ့် အခြေအနေ ရောက်လာပါပြီ။
အလုပ်သမားတွေဘက်က ငတ်လို့ ဆန္ဒပြတာဖြစ်လို့ ခေတ်ကာလနဲ့ ကိုက်ညီအောင် သတ်မှတ်ပေးဖို့ လိုပါတယ်။ ရေနံမြေသပိတ်တပ်ကြီးကိုလည်း အားနာသင့်နေပါပြီ။

အထည်ချုပ် လုပ်ငန်းရှင်တွေ အနေနဲ့ ကျွန်တော်တို့က အရင်းရှင် မဆန်ဘူး၊ အရင်းရှင်လို လုပ်နေတာ မဟုတ်ဘူးဆိုရင် ဘာမှထပ်လျှော့ ပေးလို့မရတော့တဲ့ အလုပ်သမားတွေကို ထပ်လျှော့ခိုင်းမယ့်အစား ခေတ်ကာလနဲ့အညီ တစ်ရက်ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ကို လက်ခံသင့်ပါတယ်။

အစိုးရဆီမှာ ကိုယ်တောင်းဆိုရမယ့် အပိုင်းကိုမလုပ်ဘဲ နှိမ်လို့ရတဲ့ အလုပ်သမား လုပ်ခလစာ အပေါ်မှာပဲ နှိမ်နေမယ်ဆိုရင်၊ တစ်ရက် ၁၅၀၀ ကျပ်ပဲ သတ်မှတ်ချင်တယ် ဆိုရင်တော့ အရင်းရှင်ဆန်တယ်၊ ခေါင်းပုံဖြတ်တယ်လို့ သတ်မှတ်ကြပါလိမ့်မယ်။

နောက်ထပ် ဆွေးနွေးပွဲတွေမှာတော့ တစ်ရက် ၁၅၀၀ ကျပ်ဆိုတာကြီးကို မပြောသင့်တော့ပါဘူး။ ပြောကြဦးမယ် တင်းခံကြဦးမယ် ဆိုရင်တော့ ၈ ပေ ၁၀ ပေ အခန်းကျဉ်းထဲမှာ ကိုယ်တိုင်စုပြုံနေကြည့်ပြီး တစ်ရက် အနိမ့်ဆုံးလစာ ၁၅၀၀ ကျပ်နဲ့ ကိုယ်တိုင်စားသောက် နေထိုင်ကြည့်ပြီးမှပဲပြောတာ အသင့်တော်ဆုံးပါပဲ။

Eleven media group

0 comments:

Post a Comment