Monday, 25 May 2015

ဆရာဆိုတဲ့ အဓိပ္ပာယ် . . .
==================



ဆရာဆိုတာ အင်္ဂလိပ်လိုခေါ်ရင် Teacher ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။ ဒါပေမယ့်တကယ်တော့ Teacher ဆိုတဲ့ စာလုံးဖြစ်လာတာဟာ စာလုံးများစွာရဲ့ အစ စကားလုံးလေးတွေ ပေါင်းထားတာပါ။
T = teaching
E = education
A = active
C = clever
H = honest
E = expert
R = research minded
အဲဒီအချက်တွေထဲက တစ်ချက်တလေကျန်ခဲ့ရင် Teacher ဖြစ်မှာမဟုတ်တော့ပါ။ ဒါကြောင့် စာလုံးတစ်လုံးစီကို အကျယ်ဖွင့်ကြည့်ကြပါစို့။

Teaching(ပညာသင်ကြားပေးခြင်း)
===========================
ဆရာဆိုတာ တစ်စုံတစ်ခုကို တတ်မြောက်အောင်သင်ကြားပေးသူလို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ မြန်မာ့ယဉ်ကျေးမှုအရတော့
၁။ သင်ဆရာ
၂။ မြင်ဆရာ
၃။ ကြားဆရာ
ဆိုပြီး ဆရာသုံးမျိုးပြန်ခွဲထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလို့ခေါ်ခံရဖို့ သူတပါးကို တစ်ခုခုတော့ လမ်းညွှန်သင်ကြားပေးသူတော့ ဖြစ်ဖို့လိုတာသေချာပါတယ်။

 Education(ပညာတတ်မြောက်ခြင်း)
===========================
ဆရာတစ်ယောက်ဟာ ထိုက်သင့်တဲ့ပညာကိုတော့ တတ်မြောက်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဆရာ တော်မှ တပည့်တတ်မှာဖြစ်လို့ပါ။ ဆရာကို၌က Educated ပညာတတ်ပုဂ္ဂိုလ်ဖြစ်မှ တပည့်တွေရဲ့ လေးစား အားကျခြင်းကို ရနိုင်မှာဖြစ်တဲ့အပြင် သူတို့ကိုအလွယ်တကူ လမ်းညွှန်နိုင်မှာဖြစ်ပါတယ်။

Active(တက်ကြွမှုရှိခြင်း)
=====================
ဆရာတွေဆိုတာ ကျောင်းသားတွေရဲ့ရှေ့ဆောင်ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထက်မြက်တက်ကြွမှု အပြည့်ရှိဖို့လိုပါတယ်။ တက်ကြွတဲ့ဆရာရဲ့လမ်းညွှန်မှုအောက်ကတပည့်တွေဟာစိတ်ဓာတ်ရော၊ ယုံကြည်မှုပါ မြင့်မားကြတာမို့ ပညာရေးရည်မှန်းချက်ကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကျောင်းသားဆိုတာ ဆရာရဲ့အရိပ်အခြေကို အမြဲအကဲခတ်နေကြတာမို့ ဆရာလုပ်သူက လေးလံထိုင်းမှိုင်းနေတာကိုမြင်ရင် သူတို့ကပိုပြီး ပျင်းရိဖင့်နွှဲကြပါလိမ့်မယ်။ ဒါကြောင့်တက်ကြွမှုရှိရမယ်ဆိုတဲ့ အရည်အသွေးဟာဆရာတစ်ယောက် အတွက် အရေးအကြီးဆုံး အရည်အသွေးဖြစ်ပါတယ်။



Clever(ပါးနပ်မှုရှိခြင်း)
===================
ဆရာဆိုတာ ကျောင်းသားတွေထက် အပြန်တစ်ရာတစ်ထောင်မက ပါးနပ်ဖို့လိုပါတယ်။ ကျောင်းသားတစ် ယောက်ရဲ့ မျက်နှာအမူအယာက်ကို တစ်ချက်အကဲခတ်ရုံနဲ့ကျောင်းသားရဲ့အတွင်းစိတ်ကိုသိဖို့လိုအပ်ပါတယ်။ကျောင်းသားတစ်ယောက်ဘာလိုချင်တယ်၊ ဘာဖြစ်နေတယ်ဆိုတာကို အလွယ်တကူသိနေလေ့ရှိတဲ့ ဆရာ တစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာ ကျောင်းသားတိုင်းဟာ ပျော်ပျော်ကြီးကြိုးစားကြပါလိမ့်မယ်။ပါးရည်နပ်ရည်ရှိခြင်းဆိုတဲ့ဂုဏ်ရည်ဟာမွေးရာပါအရည်အသွေးမဟုတ်ပါ။ အာရုံစိုက်မှု၊ လေ့လာမှုတို့ရဲ့ အသီးအပွင့်ပါ။ ဒါကြောင့် ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ကျောင်းသားတွေရဲ့ အမူအကျင့်တွေ၊မျက်နှာအမူအယာတွေ၊သင်္ကေတတွေကိုအမြဲလေ့လာမှတ်သားပြီး ပါးနပ်မှုရှိလာအောင် လေ့ကျင့်ယူရပါ လိမ့်မယ်။

Honest(ရိုးသားခြင်း)
==================
ဆရာကောင်းဖြစ်ချင်ရင်တော့ ရိုးသားရပါလိမ့်မယ်။ ရိုးသားခြင်းနဲ့ ညံ့ဖျင်းခြင်းဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ။ ဆရာလုပ်ပြီးရိုးနေရင် ခံသွားရမယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေးမျိုးတွေ မတွေးမိပါစေနဲ့။ ပါးပါးနပ်နပ်ရှိပြီး ရိုးသားတဲ့ဆရာကို ကျောင်းသားတိုင်းချစ်ကြပါတယ်။ ရိုးသားချင်ရင်တော့ ဟန်ဆောင်မှုကင်းရပါလိမ့်မယ်။ ဆရာတစ်ယောက်ဟာ အရာရာကို မသိနိုင်ဘူးဆိုတာ ကျောင်းသားတိုင်းနားလည်ကြပါတယ်။ သင်ခန်းစာတစ်ခု ကို ရှင်းပြနေရင်း ကိုယ်တိုင်မျက်စိလည်နေပြီဆိုရင် အကောင်းဆုံးကတော့ဆရာမျက်စိလည်နေပြီဟေ့လို့ ဝန်ခံလိုက်တာပါပဲ။ အဲဒီလိုဝန်ခံရင် ကျောင်းသားတွေအထင်သေးလိမ့်မယ်ဆိုတဲ့ အတွေးဟာမှားပါတယ်။ ကျောင်းသားတွေရဲ့စိတ်ထဲမှာ သူတို့ဆရာရဲ့ရိုးသားမှုကို အသိအမှတ်ပြုသွားပြီး ပိုလို့တောင်လေးစားလာပါ ဦးမယ်။ အဲဒီလိုမဟုတ်ပဲ ရချင်ယောင်ဆောင်ပြီး အတင်းရှင်းပြနေရင်တော့ ကျောင်းသားက ဆရာရဲ့မရိုးသားတဲ့ အတ္တကို အထင်သေးပါလိမ့်မယ်။ အဲဒီဥပမာကို လက်ကိုင်ထားပြီး တပည့်တွေနဲ့ဆက်ဆံတဲ့နေရာမှာ ဆရာတစ်ယောက်ဟာ အတတ်နိုင်ဆုံးရိုးသားဖို့လိုအပ်ပါတယ်။



Expert(ကျွမ်းကျင်တတ်မြောက်ခြင်း)
==========================
ဆရာကောင်းတစ်ယောက်ဟာ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့ပညာရှင်ဖြစ်ဖို့လိုပါတယ်။ ကျွမ်းကျင် တတ်မြောက်မှုအပြည့်ရှိတဲ့ ဆရာကို ကျောင်းသားတိုင်းက လေးစားကြတာမို့ အထူးတလည်အားစိုက်စရာမလိုပဲ ကျောင်းသားတွေကို စည်းရုံးပြီးဖြစ်သွားပါတယ်။ ကျောင်းသားဆိုတာ ဆရာရဲ့ကျွမ်းကျင်မှုကို ဂုဏ်ယူဝင့်ကြွား ချင်ကြသူတွေချည်းမို့ ကိုယ်တိုင်က ကျွမ်းကျင်တတ်မြောက်ခြင်းဟာ ဆရာကောင်းတစ်ယောက်က ကျောင်းသား တွေကို ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပါ။

Research minded (သုတေသနပြုတတ်သောစိတ်ထားရှိခြင်း)
=========================
ဆရာဆိုတာ ပညာရေးလောကရဲ့ခေါင်းဆောင်ပါ။ တိုးတက်တဲ့အမြင်တွေရှိတဲ့ ခေါင်းဆောင်ကိုပဲ နောက်လိုက် တွေကလေးစားကြတာလောကသဘာဝပါ။ဒါကြောင့်ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ တိုးတက်တဲ့အမြင်တွေရှိဖို့လိုပါတယ်။ ငါတို့ငယ်ငယ်ကလည်း ဒီလိုပဲလုပ်ခဲ့ရတာပဲဆိုတဲ့ စကားတွေ ပြန်လည်ပြောလို့ရမှာဖြစ်ပါတယ် ။
ဒါကြောင့် Teacher ဆရာဆိုတဲ့ အဓိပ္ပါယ်ကို အားလုံးနားလည် သဘောပေါက်နိုင်ကြပါစေ---

ရှာဖွေဖတ်စု မှတ်တမ်းပြု၍ ထုတ်နှုတ်ရေးသာ၏-----
ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေ မြင်ရဖို့ Tada ကို အသုံးပြုနည်း

 ++++++++++++++++++++++++++++++


ဇော်ဂျီနဲ့ ရေးထားတဲ့ စာတွေကို ပို့စ်တွေကို ယူနီကုဒ်အဖြစ် အလိုအလျောက် ပြောင်းပေးမဲ့ tool တစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။ သူကတော့ Tada ဖြစ်ပါတယ်။ ကိုအောင်သီဟ က ရေးထားတဲ့ အင်တာနက်အသုံးပြုသူတွေအတွက် များစွာ အကျိုး ရှိနိုင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ယူနီကုဒ် အသုံးပြုလို့ မိမိသူငယ်ချင်းတွေရဲ့ စာတွေကို မမြင်ရဖြစ်နေတဲ့ အသုံးပြုသူတွေအတွက် ဇော်ဂျီဖြင့် ရေးထားသော စာတွေ မှန်မှန်ကန်ကန် မြင်ရဖို့ ဖြစ်ပါတယ်။ ယူနီကုဒ်ကို သုံးလို့ တခြားသူတွေ ရေးထားတဲ့ စာတွေ အမှန် မမြင်ရတော့ဘူးဆိုတဲ့ အခက်အခဲကို ပြေလည်သွားမယ့် tool တစ်ခု ဖြစ်ပါတယ်။

လိုအပ်ချက်များ


အသုံးပြုမယ့် ဖုန်းက root ဖောက်ပြီးသားဖြစ်ရပါမည်။ USB debugging On ထားရပါမည်။
ကွန်ပျူတာ လိုအပ်ပါသည်။
ကွန်ပျူတာတွင် Ruby install လုပ်ထားဖို့ လိုပါသည်။ rubyzip ကို install လုပ်ရန်အတွက် internet လိုအပ်ပါသည်။ ဖိုင်ဆိုဒ် အနည်းငယ်ကိုသာ ဒေါင်းမည်ဖြစ်ပါသည်။
ကွန်ပျူတာမှာ Ruby ကို အရင် install လုပ်ရပါမည်။


Ruby 64 bit Version = http://dl.bintray.com/…/rubyins…/rubyinstaller-2.2.2-x64.exe
Ruby 32 bit Version = http://dl.bintray.com/…/rubyinstall…/rubyinstaller-2.2.2.exe
 

သက်ဆိုင်ရာ ဖိုင်ကို ဒေါင်းပြီး install လုပ်ပါ။
rubyzip ကို ထပ်၍ install လုပ်ပါမည်။

install လုပ်ပြီးပါက ruby မှာ အသုံးပြုတဲ့ zip ကို install လုပ်ရပါမည်။ install လုပ်ဖို့အတွက်
Start>All Programs> Ruby 2.2.2 *** > Start Command Prompt with Ruby ကို နှိပ်ပါ။
ပေါ်လာတဲ့ command Prompt မှာ gem install rubyzip ကို ရိုက်ပြီး ruby zip install လုပ်ပါ။
အခုလို 1 gem installed ဆိုရင် ruby zip install လုပ်ခြင်း ပြီးပါပြီ။

ဖုန်းမှာ Tada ကို install လုပ်ပါမည်။

http://d-h.st/WiWO မှ Tada b101.zip ကို ဒေါင်းပါ

ကျွန်တော်ကတော့ ပြောရလွယ်အောင် ဒေါင်းရထားတဲ့ zip ဖိုင်ကို C:/Tada ဆိုတဲ့ ထဲမှာ သွားဖြည်ထားလိုက်ပါတယ်။
အခုဏက command prompt ကို သွားပြီး cd c:\Tada\Tada b101 ဆိုပြီး directory location ကို ပြောင်းလိုက်ပါ။
ruby Tada.rb လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။
Press any key to continue ဆိုရင် Enter ထပ်ခေါက်လိုက်ပါ။
ဖုန်းမှာ SuperSU ကနေ Grant တောင်းရင် Grant လုပ်ပေးပါ။

Do you also want to see original text? [default is Y] [Y/N] လို့ မေးလာရင် Y ကိုနှိပ်ပြီး Enter ခေါက်လိုက်ပါ။ installation စတင်နေပါပြီ။ အချိန် အနည်းငယ်မျှ စောင့်လိုက်ပါ။
အောက်ပါပုံအတိုင်း Installation complete ဆိုလျှင် Tada install ပြုလုပ်ခြင်း အောင်မြင်ပါပြီ။
ဇော်ဂျီဖြင့် ရေးထားသော စာများ၏ အထက်တွက် ယူနီကုဒ်ကို အလိုအလျောက် ပြောင်းထားပေးပြီးသားကို တွေ့မြင့်ရမည်ဖြစ်ပါသည်။

ဒီ Tool ကို ရေးပေးတဲ့ ကိုအောင်သီဟ အထူး ကျေးဇူး တင်ရှိပါသည်။
Developer Profile : https://www.facebook.com/AungThiha1992
ပုံနှင့်တကွ ကြည့်ရှု့လိုလျှင်PDF ကိုဒေါင်း၍ကြည့်ပါ။

https://attachment.fbsbx.com/file_download.php?id=1117517484930569&eid=ASsT44okSASGqY9CV52fz5nGi9Mqmy9jwavAG6GxCDy-mqWl-Vs8466vJRQhsAY52zY&inline=1&ext=1432532274&hash=ASuMd3NbQyzzsBWz

Tuesday, 5 May 2015



 Android ဖိုင်မန်နေဂျာတွေထဲမှာ အကောင်းဆုံးဖြစ်တဲ့ ES File Explorer 4.2.3.1 ကိုတင်ပေးလိုက်ပါတယ်။သုံးဖူးသမျှဖိုင်မန်နေဂျာတွေထဲမှာ ဒီကောင်လေးကအကောင်းဆုံးပါ။တော်တော်များများကြိုက်ကြပါတယ်။အခုမသုံးဖူးသေးတဲ့သူတွေအတွက် တင်ပေးလိုက်တာပါ။အသုံးဝင်ပုံတွေကတော့ အများကြီးပါ။အလွယ်တကူ Zip ဖိုင်တွေ rar ဖိုင်တွေဖြည့်နိုင် ဖြည်နိုင်တယ်။သူများကိုမမြင်စေချင်တဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေဝှက်ထားလို့ရတယ်။ဖိုင်မန်နေဂျာရဲ့နောက်ခံပုံကို
မိမိတို့နှစ်သက်ရာပုံတွေ ထည့်သွင်းအသုံးပြုနိုင်တယ်။အသုံးဝင်ပုံတွေ အများကြီးပါ။နောက်မှ သူ့ရဲ့အသုံးဝင်ပုံ Feature တွေကိုကျွန်တော်သိသမျှတင်ပေးပါ့မယ်။လောလောဆယ်တော့

 ဒေါင်းပြီးကိုယ်တိုင်ပဲကလိကြပေတော့....

လင့်များကို adf.ly ခံထားသဖြစ် ဝင်လို့မရဒေါင်းလို့မရ ဒေါင်းနည်းများ မသိပါကပေးထားတဲ့လင့်ကနေ adf.ly ခံထားသောလင့်များဒေါင်းနည်းကို အရင်သွားကြည့်လိုက်ပါ>>>>>>>http://paohityouth.blogspot.com/2015/02/adfly.html
လင့်သုံးခုနဲ့တင်ပေးထားပါတယ်
ကြိုက်တဲ့လင့်ကနေဝင်ရောက်ဒေါင်းယူနိုင်ပါတယ်!

Google Drive ကနေဒေါင်းရန်

Pcloud ကနေဒေါင်းရန်

Medifire ကနေဒေါင်းရန်

Dropbox ကနေဒေါင်းရန်

အဆင်ပြေပါစေ

ခွန်ထက်နိုင် (ပအိုဝ်း IT လူငယ်များ)


နေဇင်လတ် CSIS သင်တန်းကြော်ငြာ စာကြောင်းအမှတ် (၃) မှာ ယူကေနိုင်ငံက Cambridge Academy of Management ချီးမြင့်သော လက်မှတ်ပေးပါမယ်လို့ ရေးထားတယ်။

နေဇင်လတ်ရဲ့ CSIS က UK မှာ မရှိတဲ့ " ကျောင်း/တက္ကသိုလ်"က အသိအမှတ်ပြုလက်မှတ်ပေးသတဲ့။ ရယ်ချင်လိုက်တာ

ဟောဒီမှာ ဗြိတိန် ပညာရေးဌာနအသိအမှတ်ပြုကျောင်းစာရင်း။
Cambridge Academy of Management မပါပါဘူး။

( စာလုံးပေါင်း ရှေ့နောက်အစီအစဉ်အတိုင်း မှန်မှန် ထည့်ပြီး ရှာပါ)
http://www.education.gov.uk/edubase/home.xhtml

website တခုလုပ်တာရ ဘယ်လောက်မှ မကုန်ဘူး။ website လေး ထိုးပြပြီး လိမ်သူတွေသိဖို့က..... Cambridge Academy of Management မဟုတ်ပဲ ရှေ့နောက်ပြောင်းလိုက်ဦး။ Cambridge Management Academy ကြိုက်သလိုရှာ UK education department Database ထဲ မရှိဘူး။
.
.
.
Cambridge Academy of Management နာမည် ဆင်တူရိုးမှားတခု ဘယ်မှာ သွားတွေ့သလဲ ဆိုတော့ ပုဂ္ဂလိကကုမ္ပဏီစာရင်းမှာ သွားတွေ့ရတယ်

ကြေညာမှာ ဖော်ပြတဲ့ UK Company number : 9212129 ဟာ အခြားကုမ္ပဏီ Lahore Trader Limited ဖြစ်နေပြီး
.
.
Cambridge Academy of Management ဆင်တူတာတဲ့ တခုက
တခြား Company number နဲ့
The Cambridge Academy of Management Limited ဆိုပြီး..
.
2014 စက်တင်ဘာ 10 ( သက်တမ်း ၆ လပဲရှိ)မှာ စပြီး မှတ်ပုံတင်တာပါ...
လုပ်ငန်းအမျိုးအစား မပြနိုင်ပါဘူး။
အေရှေ့မှာ The, အနောက်မှာ Limited လိမိတတ် ဖြစ်နေတယ်။
နေဇင်လတ်ကြော်ငြာမှာ The နဲ့ Limited ကို ဖြုတ်ထားတယ်။
.
.
ဟောဒီက link မှာ ကိုယ်တိုင် ရှာနိုင်ပါတယ်။
http://wck2.companieshouse.gov.uk/wcframe…
.
.
ဒီတော့ Cambridge Academy of Management ဆိုတာ ဗြိတိန် ယူကေပညာရေးဌာနမှာ မှတ်ပုံတင် မရှိဘူး။ ဆင်တူရိုးမှား တခုဟာလည်း ၆လ ကျော်သက်တမ်းရှိတဲ့ နာမည်ခံ အတုတခုဖြစ်နေတယ်။

ပေးထားတဲ့ လင့်ခ်တွေက gov.uk ယူကေအစိုးရ ဒေတာဘေ့စ်တွေနော်။ သာမညောင်ညတခုမှ မပါဘူး။
ပွင့်လင်းမြင်သာတဲ့ ဗြိတိန်နိုင်ငံရဲ့ အစိုးရစနစ်ဟာ ဘယ်လောက် အတုယူစရာကောင်းသလဲ။ ပြည်သူတွေ အလိမ်မခံရအောင် အကုန်ချပြထားတယ်။
https://www.gov.uk/check-a-university-is-officiall…/overview

Credit - Min Soe Naing

 ပန်ဆန်းမှာကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်များညီလာခံ

 အစိုးရတပ်တွေနဲ့ လက်ရှိတိုက်ပွဲဖြစ်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဟာ NCCT အဖွဲ့ကနေ နုတ်ထွက်မယ်လို့ ရှမ်းပြည်နယ် ဝဒေသ ပန်ဆန်းမှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားထိပ်သီးညီလာခံမှာ မနေ့တုန်းက အဆို တင်သွင်းလိုက်ပါတယ်။ အပစ်ရပ် ငြိမ်းချမ်းရေးရဖို့ လုပ်ဆောင်နေတယ် ဆိုတဲ့ မြန်မာအစိုးရရဲ့လုပ်ရပ်တွေပေါ် သံသယရှိလာတာကြောင့်လို့ ဆိုပါတယ်။

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုအဖွဲ့ UPWC နဲ့ NCCT တနိုင်ငံလုံး အပစ်ရပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ဟာ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြ ပါတယ်။ ဒီလို သဘောတူညီ မှုတွေရှိပေမယ့်လည်း အစိုးရတပ်တွေက AA ရခိုင်တပ်မတော်၊ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့ TNLA တအောင်း ပလောင် တပ်ဖွဲ့တွေ ကို တောက်လျှောက် ထိုးစစ်ဆင်နေခဲ့တာပါ။

အခုပန်ဆန်းမှာကျင်းပတဲ့ ညီလာခံကို AA/ MNDAA နဲ့ TNLA တပ်ဖွဲ့တွေကို ဖိတ်ကြားခြင်းမပြုဖို့ အစိုးရဘက်က ဖိအားပေးတာမျိုး ရှိတာကြောင့် ဒီအခြေ အနေတွေပေါ် မူတည်ပြီး အစိုးရနဲ့အပစ်ရပ်ရေး ဆွေးနွေးနေတဲ့ NCCT အဖွဲ့ကနေ သူတို့နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း TNLA တအောင်း ပလောင် တပ်ဖွဲ့ပြော ခွင့်ရသူ မိုင်အိုက်ကျော် က ပြောပါတယ်။



(Written By: မာန်သူရှိန်)

၈ ပေ၊ ၁၀ ပေပဲရှိတဲ့ ဓနိမိုး ထရံကာ အခန်းမျိုးမှာ သူတို့တွေစုပြုံပြီး ငှားနေကြတယ်။ ထမင်းဖြူတစ်ထုပ်နဲ့ ဘဲဥ၊ ဒါမှမဟုတ် ထမင်းဖြူတစ်ထုပ်နဲ့ လမ်းဘေးက အသုပ်တစ်ပွဲလိုဟာမျိုးနဲ့ ဖြစ်သလိုပဲ သူတို့ရဲ့ ဝမ်းရေးအနပ်နပ်ကို ဖြေရှင်းကြတယ်။ ပြီးတော့ သူတို့တစ်ရက်ကို အလုပ်အနည်းဆုံး ရှစ်နာရီနဲ့အထက် မပျက်မကွက် လုပ်ကြတယ်။
မြန်မာနိုင်ငံမှာ လက်ရှိတကယ်လည်ပတ်နေတဲ့ အထည်ချုပ်စက်ရုံပေါင်းက အနီးစပ်ဆုံး ၄၀၀ ဝန်းကျင်လောက် ရှိတယ်လို့ အလုပ်သမား အဖွဲ့အစည်းအချို့က ခန့်မှန်းထားကြတယ်။ (အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ထားသည့်စာရင်းသာဖြစ်)

အဲ့ဒီစက်ရုံ ၄၀၀ ဝန်းကျင် အဆင်ပြေပြေလည်ပတ်ဖို့ လုပ်သားပေါင်း နှစ်သိန်းနဲ့အထက်က လုပ်ပေးနေကြတယ်။ အဲ့ဒီ နှစ်သိန်းနဲ့အထက်ရှိတဲ့ အခြေခံလုပ်သားတွေထဲမှာ အများစုက ၈ ပေ ၁၀ ပေ အခန်းကျဉ်းထဲ စုပြုံငှားရမ်းပြီး ဖြစ်သလိုစားသောက်ရင်းနဲ့ စက်ရုံ ၄၀၀ ဝန်းကျင်အတွက် လက်ရှိ အလုပ်လုပ်ပေးနေ ကြရတာပါ။

တစ်နည်းအားဖြင့် စက်ရုံ ၄၀၀ ဝန်းကျင်ကို ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ (တစ်ရုံတစ်ဦးပိုင် ဆိုရင်တောင် ၄၀၀ ဦးထား) အတွက် အခြေခံလုပ်သားတွေက လူတန်းစေ့မနေရတဲ့ လုပ်ခနှုန်းထားတွေနဲ့ လုပ်ပေးနေကြတာပေါ့။
ဘာကြောင့်လဲဆိုတော့ စစ်တမ်းကောက်ယူထားတဲ့ နှုန်းအရ ရန်ကုန်မှာ လူတစ်ဦးရဲ့ တစ်ရက်ပျမ်းမျှ ကုန်ကျစရိတ်က ကျပ် ၃၅၀၀ ရှိတယ်လို့ ထုတ်ပြန်ထားတယ်။ ဒီလိုပဲ အလုပ်သမား အဖွဲ့အစည်းတွေကလည်း လုပ်သားတစ်ဦး တစ်ရက်ကို မဖြစ်မနေ ကုန်ကျမယ့် သွားတိုက်ဆေးဖိုးကအစ ၄၁ မျိုးအတွက်အ နိမ့်ဆုံးဈေးတွေနဲ့ တွက်ထားတာက တစ်လ ကျပ် ၇၀၀၀၀ နီးပါးအထိ ရှိတယ်။ ဒါက လုံး၀ နေစရိတ်မပါတဲ့ ကုန်ကျစရိတ်ပါ။

ဒီလိုအချိန်မျိုးမှာ အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်တွေက အလုပ်သမားတွေအတွက် အနိမ့်ဆုံးလုပ်ခ လစာကို တစ်ရက် ကျပ် ၁၅၀၀ ပဲ ပေးမယ်လို့ တင်းခံနေကြတာ တွေ့တော့ အရင်တုန်းက အရင်းရှင်တွေ လုပ်အားခ ခေါင်းပုံဖြတ်တဲ့ပုံစံနဲ့ သွားတူနေတဲ့အတွက် တကယ်လို့ တစ်ရက်လုပ်အားခ ကျပ် ၁၅၀၀ ပဲ သတ်မှတ်မယ်ဆိုရင်တော့ အထည်ချုပ်စက်ရုံပေါင်း ၄၀၀ ဝန်းကျင် ပိုင်ဆိုင်တဲ့ လုပ်ငန်းရှင်တွေကိုလည်း လုပ်အားခ ခေါင်းပုံဖြတ်တဲ့ ခေတ်သစ်အရင်းရှင်လို့ သတ်မှတ်ကြရတော့မှာပဲ။

လူတန်းစေ့ မနေရဘူးဆိုတာ

၈ ပေ၊ ၁၀ ပေ အခန်းဆိုလို့ တစ်ယောက်တစ်ခန်း ငှားနေတယ်မထင်နဲ့ တစ်ခန်းမှာ အနည်းဆုံး နှစ်ယောက်ကနေ လေးယောက် လောက်အထိ စုပြီးငှားနေကြရတာ။
၈ ပေ ၁၀ ပေ ဓနိမိုးထရံကာ အခန်းကျဉ်းတစ်ခန်းက တစ်လကို ကျပ် ၂၅၀၀၀ အနည်းဆုံး ပေးရတယ်၊ သွပ်မိုး ထရံကာ အခန်းက တစ်လကို ကျပ် ၃၀၀၀၀ လောက် အနည်းဆုံးပေးငှားရတယ်။
ဘဲဥတို့ အသုပ်တို့နဲ့ စားကြတယ် ဆိုတာတောင် ဒါက အခြေခံလုပ်သားတိုင်း မဟုတ်သေးဘူး။ အမျိုးသမီးငယ်လေးတွေဆို ဘဲဥတို့ အသုပ်တို့ ဝယ်စားလိုက်ရင် လကုန်တဲ့အခါ ကျပ်သုံးလေးသောင်း အိမ်ပြန်မပို့နိုင်မှာစိုးလို့ တာရှည်ခံ ငံပြာရည်ကျော်၊ ငါးပိကြော်လိုမျိုး လုပ်ထားပြီး ဝမ်းရေးအနပ်နပ်ကို ဖြေရှင်းလိုက်ကြတယ်။ အပြင်ထမင်း ဟင်းကို မေ့ထားပြီး အိမ်ပြန်ပို့မယ့် လုပ်ခလစာလေး ပိုထွက်ဖို့ ကျစ်ကျစ်ပါအောင် စုနေကြရတဲ့ အခြေခံလုပ်သားတွေကလည်း ဒုနဲ့ဒေးပါပဲ။

အထည်ချုပ်လုပ်ငန်းက အခြေခံလုပ်သားတစ်ဦးက သူ့ရဲ့နေ့စဉ် စားသောက်နေတဲ့ပုံစံကို ပြောပြတဲ့အခါမှာ ထမင်းဖြူက နှစ်ထုပ်ဝယ်ရတယ်။ တစ်ထုပ်တစ်ရာ၊ ဘဲဥက တစ်ခြမ်းရောင်းတဲ့ဆိုင်ဆို တစ်ခြမ်းဝယ်တယ်။ တစ်ခြမ်းမရောင်းတဲ့ ဆိုင်ကျတော့ တစ်လုံးဝယ်လိုက်ရတာပေါ့။ ဘဲဥမစားချင်တော့တဲ့နေ့ဆိုရင် အသုပ်တို့ ဟင်းရွက်ကျော်တို့ ဝယ်စားလိုက်တယ်။ ဘဲဥဆို တစ်လုံး ၂၀၀၊ ညနေဘက်ဆိုရင် ငံပြာရည်ကျော်ကို အဆောင်မှာ ဘူးနဲ့ထည့်ထားတယ်။ ထမင်းဖြူ ၂၀၀ ဖိုးဝယ်ပြီး ငံပြာရည်ကျော်နဲ့ စားပါတယ်။ အဲ့ဒီလိုစားတဲ့ရက်က များပါတယ်။ စားချင်စိတ်ရှိလာလို့ သားငါးနဲ့များများ စားမိတဲ့လ၊ အဝတ်အစားလိုလို့ နည်းနည်းဝယ်လိုက်ရတဲ့ လဆိုရင်တော့ အိမ်ကို ငွေပြန်မပို့နိုင်တော့ဘူး။ နေစရိတ် စားစရိတ်နဲ့တင် ကုန်သွားတာပဲ။ အိမ်ကလည်း ငွေလို ကိုယ်ကလည်း မပို့နိုင်တဲ့လဆိုရင် သူငယ်ချင်းတွေ ဆီကနေချေးပြီး ပေးရတယ်လို့ ပြောပြပါတယ်။

ခြုံကြည့်ရင် ၈ ပေ ၁၀ ပေ အခန်းထဲမှာ လူသုံးလေးယောက် နေရတယ်ဆိုကတည်းက ဘယ်လောက်အထိ ကျပ်ညပ်နေမလဲ။ စားတဲ့အခါမှာလည်း ကိုယ်ကြိုက်တာ စားချင်တာ ဘေးချိတ်ပြီး လကုန် အိမ်ကိုငွေသုံးလေးငါးသောင်း လွှဲနိုင်ဖို့ကိုပဲ ရည်ရွယ်ချက်ထားပြီး လူတန်းစေ့အောင် မနေနိုင် မစားနိုင်ပဲ ခြိုးခြံစားသောက်ရတဲ့ အခြေအနေ၊ တစ်နည်းအားဖြင့် လူတန်းစေ့ မနေနိုင်တဲ့ ဘ၀တွေပေါ့။



ဝင်ငွေနဲ့ ထွက်ငွေ

ရန်ကုန်အထည်ချုပ် လုပ်သားတွေထဲမှာ လစာမတူတဲ့ အုပ်စုလိုက်ခွဲရင် အကြမ်းဖျင်း သုံးစုလောက်ခွဲ လို့ရတယ်။ အလုပ်သင်၊ လိုင်းအလိုက်ချုပ်နိုင်တဲ့သူ၊ အထည်ဖြတ်တဲ့သူဆိုပြီး အကြမ်းဖျင်းခွဲနိုင်တယ်။
ရန်ကုန်မှာတော့ အလုပ်သင်က အချိန်ပိုကြေးပါပါမှ တစ်လ ကျပ် ၄၀၀၀၀၊ ၅၀၀၀၀ ဝန်းကျင်ပဲ အများစုရတယ်။ လိုင်းအလိုက် ချုပ်တဲ့သူ အများစုကတော့ ကျပ် ၉၀၀၀၀ လောက်ရတယ်။ ဖြတ်တဲ့သူကတော့ ကျပ် ၁၅၀၀၀၀၊ ၁၆၀၀၀၀ လောက်တော့ အများစုရကြတယ်။ အချိန်ပိုကြေးပါ အပါအဝင်။
အလုပ်သမား အဖွဲ့အစည်းတွေရဲ့ အနီးစပ်ဆုံးတွက်ထားတဲ့ အချိုးအရဆိုရင် စုစုပေါင်းလုပ်သား ထဲမှာ အလုပ်သင်က ရာခိုင်နှုန်း ၂၀၊ လိုင်းအလိုက်ချုပ်တဲ့သူက ရာခိုင်နှုန်း ၆၀ နဲ့ ဖြတ်တောက်တဲ့ သူက ရာခိုင်နှုန်း ၂၀ လောက်ရှိတယ်လို့ ခန့်မှန်းတွက်ချက်ထားတယ်။

အောက်ဆုံးလည်းမယူနဲ့ အမြင့်ဆုံးလည်းမယူနဲ့ ရာခိုင်နှုန်း ၆၀ ရှိတဲ့ လိုင်းအလိုက်ချုပ်တဲ့သူတွေရဲ့ လစာနဲ့ စားဝတ်နေရေး ကုန်ကျစရိတ် ကာမိမှုရှိမရှိ တွက်ကြည့်လိုက်ရင် လောက်ငမှုရှိမရှိဆိုတာ ပေါ်လွင်မှာပဲ။
တစ်လလုံး အချိန်ပိုတွေဘာတွေပါဆင်းမှ ကျပ် ၉၀၀၀၀ ရတယ်။ လုပ်သားတစ်ယောက်ရဲ့ လူတန်းစေ့ ကုန်ကျစရိတ်က စားတာရောဘာရော အပါအဝင် ကျပ် ၇၀၀၀၀ နီးပါးရှိတယ်။ ရန်ကုန်မှာ နေစရိတ်က စုပြုံနေရင်တောင် တစ်လကျပ် ၁၀၀၀၀ နဲ့အထက် ကုန်တယ်။ ပြီးပြီ ရတဲ့လစာက နေတာစားနဲ့တင်ကုန်ပြီ ကျန်းမာရေး မကောင်းရင်တောင် ကုစရာ စရိတ်မကျန်တော့ဘူး။

ဒီတော့ တစ်လ ကျပ် သုံးလေးသောင်း ပိုထွက်ဖို့အတွက် သူတို့တွေက လူတန်းစေ့မနေ လူတန်းစေ့မစားတော့ပဲ မလောက်မငနဲ့ စုဆောင်းနေရတယ်၊ လစာအနည်းဆုံးရတဲ့ အလုပ်သင်လို အနေအထားဆို လုံးဝမလောက်ငတာ ထင်ထင်ရှားရှားပါပဲ။

နယ်မှာဆို ဥပမာ-ရေနီက SUMEC အထည်ချုပ်စက်ရုံမှာဆိုရင် အခြေခံလစာက ကျပ် ၁၅၀၀၀ ကနေ ကျပ် ၃၅၀၀၀ အထိပဲရတယ်။ အဲ့ဒီအတွက်လည်း ဆန္ဒပြခဲ့ကြသေးတယ်။
ကျပ် ၉၀၀၀၀ ဆိုရင် တစ်ရက် ကျပ် ၃၀၀၀ ဝင်ငွေရှိနေပါပြီ။ ဒါပေမယ့် အဲ့ဒီကျပ် ၃၀၀၀ ရတဲ့ အလုပ်သမားတွေတောင်မှ မလောက်ငှတာ သူတို့ထက်နိမ့်တဲ့ အခြေခံအကျဆုံး လုပ်သားတွေဆို ပိုဆိုးနေလို့ လစာတိုးပေးဖို့၊ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးဖို့ ဆန္ဒတွေပြလာကြတယ်။

အဲ့ဒီလို အချိန်မှာ အထည်ချုပ် လုပ်ငန်းရှင်တွေဘက်က အနိမ့်ဆုံး လုပ်ခလစာကို တစ်ရက် ကျပ် ၁၅၀၀ ပဲသတ်မှတ်မယ်လို့ပြောတာ ခေါင်းပုံဖြတ်တာနဲ့ တူမနေဘူးလား။

တစ်ရက် ၄၀၀၀ ကျပ် မသတ်မှတ်နိုင်ဘူးလား

ထိုင်းနိုင်ငံမှာ တစ်ရက်ကို အနိမ့်ဆုံးလုပ်ခလစာက ဘတ် ၃၀၀၊ မြန်မာငွေနဲ့ ကျပ် ၉၀၀၀ ကျော်၊ သတ်မှတ်ထားတယ်။ ဗီယက်နမ်နိုင်ငံမှာ ဒေသအလိုက် လေးခုခွဲပြီး သတ်မှတ်တာမှာ တစ်ရက်ကို ငါးဒေါ်လာနီးပါးအထိ သတ်မှတ်ထားတယ်။
မလေးရှားမှာတော့ ရင်းဂစ် ၉၀၀၊ မြန်မာငွေနဲ့ဆိုရင် တစ်လ ၂၈၀၀၀၀ လောက် သတ်မှတ်ထားသလို အဲ့ဒီနှုန်းအတိုင်းပေးတယ်။ မြန်မာက သွားလုပ်တဲ့သူတွေဆို နေစရာလည်းပေးတယ် တစ်လရင်းဂစ် ၉၀၀ လည်းပေးတယ်။

အဲ့ဒီတော့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတွေက တစ်ရက်ကို ကျပ် ၉၀၀၀ နဲ့အထက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးပေးနေတဲ့အချိန် မြန်မာနိုင်ငံမှာ သူတို့ရဲ့ တစ်ဝက် တစ်ရက် ကျပ် ၄၀၀၀ အနည်းဆုံး မသတ်မှတ်သင့်ဘူးလား မေးစရာရှိပါတယ်။ (အထည်ချုပ်များ အတွက်သာ)

နောက်တစ်ချက်က စစ်တမ်းကောက်ယူမှုအရ ရန်ကုန်မှာ လူတစ်ဦး တစ်ရက်ပျမ်းမျှ ကုန်ကျစရိတ်ဟာ ကျပ် ၃၅၀၀ ရှိနေတဲ့အချိန်မှာ တစ်ရက် အနိမ့်ဆုံး လုပ်ခလစာဟာ အထည်ချုပ် လုပ်ငန်းတွေအတွက် ကျပ် ၄၀၀၀ မသတ်မှတ်သင့်ဘူးလား။
နောက်ဆုံးတစ်ချက်အနေနဲ့ တစ်ရက် ကျပ် ၃၀၀၀ လောက် ဝင်ငွေရှိတဲ့သူတောင် မလောက်မငဖြစ်နေတဲ့ အချိန်မှာ အနိမ့်ဆုံးလုပ်ခလစာကို တစ်ရက်ကျပ် ၄၀၀၀ မသတ်မှတ်သင့်ဘူးလား။
လုပ်သားအများစုရဲ့ဘဝက မျက်မြင်ထင်ရှား မလောက်မင ဖြစ်နေတဲ့အချိန်မှာ အထည်ချုပ်လုပ်ငန်း ရှင်တွေက ၁၅၀၀ ကျပ်ပဲ သတ်မှတ်ချင်တယ် ဆိုတာကတော့ ခေါင်းပုံဖြတ်တဲ့သဘော၊ အရင်းရှင်ဆန်တယ်လို့ပဲ ယူဆစရာ ကျန်ပါတော့တယ်။

တစ်နိုင်လုံး တစ်ပြေးညီ ကျပ် ၄၀၀၀ မသတ်ချင်ရင်တောင် ရန်ကုန်ကို ကျပ် ၄၀၀၀၊ ၄၅၀၀ နယ်ဆိုရင် ကျပ် ၂၅၀၀၊ ၃၀၀၀ သတ်မှတ်ရင်လည်း ဖြစ်နိုင်တာပါပဲ။ ဒါပေမယ့် ဘာကြောင့် ကျပ် ၁၅၀၀ လမ်းကြောင်းကိုပဲ ရွေးချယ်သလဲဆိုတာလဲ မေးစရာရှိပါတယ်။

တစ်ဖက်သတ်တည်းမဟုတ်ပါဘူး

အထည်ချုပ်လုပ်ငန်းရှင်တွေ ဘက်မှာလည်း အခက်အခဲတွေ ရှိမှာပါပဲ။ စက်ရုံနဲ့မြေငှားခ တစ်စတုရန်းမီတာကို တစ်နှစ် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာကနေ ဒေါ်လာ ၂၀ နဲ့အထက် အထိပေးနေရတာ။
တင်ပို့တဲ့အခါမှာ ကွန်တိန်နာ ကားသမားတွေအတွက် စားရိတ်က အဆုံး Custom နဲ့ ဆိပ်ကမ်းတွေအလယ် သင်္ဘောပေါ် ကွန်တိန်နာတစ်လုံး ရောက်တဲ့အထိ အဆင့်ဆင့် Undertable မပေးမဖြစ် ပေးနေရတာ။ အစိုးရဘဏ်တွေမှာ နိုင်ငံခြား ငွေစာရင်းရှာပြီး လက်မှတ်မြန်မြန် ထိုးဖို့လိုတဲ့အခါ ကျပ်ထောင်ဂဏန်းကနေ ကျပ်သောင်းဂဏန်းလောက်အထိ ကုန်ကျနေတာတွေ။ သက်ဆိုင်ရာဌာန ဆိုင်ရာတွေနဲ့ ဆက်ဆံတဲ့အခါ မဖြစ်မနေ ကုန်နေရတဲ့ Undertable ဒုက္ခတွေလည်း ဝန်ထုပ် ဝန်ပိုးဖြစ်ရင် ဖြစ်နေကြမှာပါ။

နောက်ထပ်အရေးကြီးတဲ့ လျှပ်စစ်မီးပြဿနာ၊ ကျွမ်းကျင်လုပ်သား ပြဿနာကအစ နောက်ဆုံး ၁၀ အိမ်မှူးအထိ ဧည့်စာရင်းကြေး ပေးနေရတဲ့ ကုန်ကျစရိတ် ပြဿနာတွေရှိကလည်း ရှိနေတုန်းပဲ။
စက်မှုဇုန်တွေအနေနဲ့ ခေါင်းစဉ် အမျိုးမျိုးနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း ဌာနဆိုင်ရာတွေကို တစ်နှစ် တစ်နှစ် မလိုအပ်ဘဲ ကျပ်သိန်းရာနဲ့ချီ ပေးနေရတဲ့ ကုန်ကျစရိတ်တွေကလည်း စက်ရုံတွေကပဲ ကျခံနေရတာ။ သူများနိုင်ငံတွေလို Duty Free အခွင့်အရေးမျိုးမရဘဲ အခွန်အခ ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာတွေလည်း ရှိနေမှာပဲ။
ချုပ်လိုက်ရင် အလုပ်ရှင်တွေ ဘက်မှာလည်း အခက်အခဲပေါင်း စုံရှိနေမှာပါပဲ။

အလုပ်ရှင် အခက်အခဲအတွက် အလုပ်သမားက ဝင်ရှင်းပေးရဦးမှာလား

အလုပ်သမားတွေက လစာနဲ့ မလောက်ငလို့ သူ့ရပိုင်ခွင့်အတွက် သူဆန္ဒပြတယ်။ ဆန္ဒပြလို့ အကြမ်းဖက်ဖြိုခွင်း၊ ပုဒ်မ ၁၈ အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့တပ်ပြီးတောင် တရားစွဲခံထားရပြီးပြီ။ ဒါက သူ့ရပိုင်ခွင့်အတွက် သူ့အခက်အခဲအတွက် သူ့ဟာသူ ဖြေရှင်းတာ။
ဒီလိုပဲ အလုပ်ရှင်တွေဘက်က အခက်အခဲ ရှိတယ်ဆိုရင် ကိုယ့်ဟာကိုယ် ဖြေရှင်းကြရမှာလေ၊ အလုပ်ရှင် အခက်အခဲအတွက် အလုပ်သမားတွေက ထောင်ကျခံပြီး ထပ်ပြီး ဆန္ဒပြပေးရဦးမှာလား ဆိုတာလည်း မေးခွန်းထုတ်ရမလို ဖြစ်နေပြီ။ အလုပ်ရှင်တွေက အစိုးရဘက်ကို အတင်းအကျပ် ပြောရမှာကိုမပြောဘဲ လုပ်သားတွေအပေါ် လစာတိုးမပေးရရေးပဲ တင်းခံနေတဲ့ ပုံစံဖြစ်နေတယ်။

အလုပ်ရှင်တွေ ပြောပြောနေတဲ့ အခက်အခဲဆိုတဲ့ အပိုင်းမှာ နှစ်ပိုင်း ရှိပါတယ်။ အစိုးရနဲ့ အလုပ်ရှင်ပဲ ဖြေရှင်းရမယ့်အပိုင်းနဲ့ အလုပ်ရှင်ကိုယ်တိုင်ပဲ ဖြေရှင်းရမယ့်အပိုင်းပါ။
မြန်မာအခြေခံလုပ်သားတွေက ကျွမ်းကျင်အဆင့်မဟုတ်ဘူး ဒါကြောင့် လစာတိုးမပေးနိုင်တာလို့တော့ ပြောလို့မရဘူး။ အစိုးရလည်း ကျွမ်းကျင်လုပ်သား လုံလောက်အောင် သင်တန်းတွေ အများအပြား ပေးနိုင်တာ မဟုတ်ဘူးဆိုပြီးလည်း ထိုင်ပြောလို့မရဘူး။

ကျွမ်းကျင်အလုပ်သမားတွေ ရလာအောင် အလုပ်ရှင်ကိုယ်တိုင်က လေ့ကျင့်သင်ကြားပေးပြီး ကိုယ့်အလုပ်အတွက် လုပ်အားနှုန်း စဉ်ဆက်မပြတ်ရဖို့ ကိုယ်တိုင်တည်ဆောက်ယူကြတာ မဟုတ်ဘူးလား။
Undertable ကိစ္စတွေကအစ မလိုအပ်ဘဲ ပေးရလို့ကုန်ကျ၊ ကြိုးနီစနစ်တွေကြောင့် ကုန်ကျတာမျိုးတွေကို ကိုယ်တိုင်ကြုံနေရတာ အစိုးရကို ကိုယ်တိုင်တင်ပြကြလေ။
စက်ရုံငှားရမ်းခတွေ ဈေးတအား မြင့်တက်နေတာကလည်း ခရိုနီရယ်၊ ပိုင်ရာဆိုင်ရာ လူတန်းစား တစ်ရပ်ရယ်ကြောင့် ဖြစ်နေတာလေ။ ဥပမာ-စက်မှုဇုန်တစ်ခုမှာ စက်ရုံလုပ်ငန်းလည်း ဘာမှမလုပ်ဘဲ ပိုင်ရာ ဆိုင်ရာ နာမည်တွေနဲ့ တစ်ယောက်ကို မြေကွက်ငါးကွက် ခြောက်ကွက် ထက်မကယူ၊ ပြီးတော့ ကိုင်ထား၊ ငှားခတွေ ဈေးထပ်တင်ပြီး ပြန်ငှားလုပ်စား နေတာမျိုးတွေလည်း လုပ်ငန်းရှင်တွေ သိနေတာပဲ။ စက်ရုံငှားခ အခက်အခဲအတွက်လည်း အဲဒီလိုလုပ်စားတဲ့ ခရိုနီနဲ့ ပိုင်ရာဆိုင်ရာတွေကို ဖော်ထုတ်ကြပြီး ပြောကြရမှာ အလုပ်ရှင်တွေ လုပ်ရမယ့်အလုပ်တွေပါပဲ။

လျှပ်စစ်မီတာခများရင် လျှော့ပေးဖို့ အလုပ်ရှင်တွေက အစိုးရကို ပြောရမှာ၊ အခွန်အခ ဝန်ပိတာတွေ အတွက်လည်း အစိုးရကို အလုပ်ရှင်က တင်ပြရမှာ မရရင် အလုပ်သမားတွေလိုပဲ တောင်းဆိုကြပေါ့။
အခုတော့ အထည်ချုပ် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်အခက်အခဲအတွက် ကိုယ်တိုင်တိုက်ယူရမှာကိုကျ မယူဘဲ မြေနိမ့်ရာ လှံစိုက်သလို လုပ်အားခကိုပဲ နှိမ်ချပေးချင်တဲ့ပုံစံ ဖြစ်နေတယ်။ အရင်းရှင်ဆန်ဆန်ပဲ ကျင့်သုံးချင်တဲ့ သဘောဖြစ်နေတယ်လို့ ပြောရင်လည်း လွန်မယ်တောင် မထင်ဘူး။

အထည်ချုပ်ကဏ္ဍမှာ ကြားနေကျ စကားတစ်ခုရှိပါတယ်။ လုပ်အားခဈေးတက်သွားရင် အထည်ချုပ် လုပ်ငန်းတွေ တခြားနိုင်ငံကို ပြောင်းသွားလိမ့်မယ်၊ အထည်ချုပ်ကဏ္ဍ ပြိုလဲသွားလိမ့်မယ်ဆိုတဲ့ လက်သုံးတော်စကားပါ။
လုပ်အားခဈေးတက်သင့်လို့ တက်ရတော့မှာကတော့ မတက်ဘဲ နေလို့မရပါဘူး။
အထည်ချုပ်ကဏ္ဍမှာ FOB နဲ့ လုပ်တာ၊ တိုက်ရိုက်အော်ဒါ၊ တစ်ဆင့်ခံအော်ဒါ ဆိုပြီး အစားစားခွဲပြီး လုပ်ကြတယ်။
ဘယ်အမျိုးအစားက အများဆုံးရသလဲဆိုတာ လုပ်ငန်းရှင်တွေ သိတာပဲ။ တစ်ဆင့်ခံထက် တိုက်ရိုက်အော်ဒါက ဈေးပိုရတယ်ဆိုရင် တိုက်ရိုက်အော်ဒါ ရအောင်ရှာပြီး တိုးပေးမယ့် လုပ်အားခ ကုန်ကျစရိတ်ကို ပြန်ကာမိအောင်လုပ်ရမှာ အလုပ်ရှင်ရဲ့ အလုပ်ပါပဲ။ အလုပ်သမားက ဈေးကွက်လိုက်ရှာပေးဖို့ လိုနေသေးသလား မေးရမလိုဖြစ်နေပါပြီ။

ဥပမာ-၂၀၀၉၊ ၂၀၁၀ ခုနှစ် တွေတုန်းက အမေရိကန် တစ်ဒေါ်လာကို ကျပ် ၇၀၀ အောက်ရောက် သွားတဲ့အချိန်မှာ ကုန်ထုတ်လုပ်ငန်း ပို့ကုန်လုပ်ငန်းရှင်တွေ အရမ်းထိနာခဲ့ကြတယ်။ အဲဒီအချိန်မှာ ပရိဘောဂ လုပ်ငန်းရှင်တစ်ဦးဟာ သူ့ဟာသူ ပြည်ပကုန်စည်ပြပွဲတွေထွက်ပြီး လိုက်ပြတယ်၊ ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ဈေးကွက်သစ်တွေ သူ့ဟာသူရှာပြီး လုပ်ခဲ့လို့ မယိုင်မလဲဘဲ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တယ်။ အဲဒီအချိန်မှာ သူ့ဈေးကွက်ပျက်လို့ ငွေဈေးတွေကျပြီး ထိခိုက်လို့ဆိုပြီး သူ့အလုပ်သမားတွေအပေါ်က လုပ်အားခကို လျှော့ချတာ မျိုးမလုပ်ပါဘူး။ လုပ်ငန်းရှင် လုပ်ရမယ့်အပိုင်းကို သူ့ဟာသူတာဝန်ယူ လုပ်သွားတာပါပဲ။

အခုလည်း အထည်ချုပ် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်ရှင်းရမယ့် အပိုင်းကို ကိုယ့်ဟာကိုယ်ရှင်းရမှာပါ။ အနိမ့်ဆုံး လုပ်ခလစာကို ရန်ကုန်မှာ ၄၀၀၀၊ နယ်မှာ ကျပ် ၂၅၀၀ ကနေ ၃၀၀၀ သတ်မှတ်ပေးကို ပေးရတော့မှာပါ။
တစ်ရက် ၄၀၀၀ မပေးချင်ရင် ရန်ကုန်တစ်ဈေး၊ နယ်တစ်ဈေးသတ်မှတ်ပြီး နေပြည်တော်၊ ပဲခူး၊ တောင်ငူ၊ ပုသိမ်လိုနေရာတွေမှာ စက်မှုဇုန်တွေ အများကြီးရှိတယ်။ လုပ်လည်း လုပ်နေကြပြီ။ လမ်းလည်းကောင်းနေပြီ။ အဲဒီကိုပြောင်းပြီး တစ်ရက် အနိမ့်ဆုံး ၂၅၀၀၊ ၃၀၀၀ သတ်မှတ် လာနိုင်တဲ့ နေရာတွေကို ရွှေ့ပြီးလုပ်ကြဖို့ပဲ ရှိတော့တယ်။

အလုပ်သမားဘက်က ငတ်နေလို့၊ စားမှုသောက်မှု နေထိုင်မှုက ခြိုးခြံရလွန်းလို့ ဂိတ်ဆုံးနေတာ ဖြစ်တဲ့အတွက် သူ့ဘက်က လျှော့ချဖို့ဆိုတာ ဘာမှ မရှိတော့ဘူး။ တစ်ရက် ၄၀၀၀ ကျပ်လောက်အထိ သူ့ကိုတိုးပေးရုံကလွဲပြီး နည်းလမ်းမရှိတော့လို့ သူတို့ကလည်း တောင်းဆိုနေတာ။

ကိုယ်တိုင်ရှင်းရမယ့် ကိုယ့်အခက်အခဲကို အင်တိုက်အားတိုက် မရှင်းဘဲ လုံး၀လျှော့လို့ မရတော့တဲ့ အလုပ်သမားဘက်ကိုချည်းပဲ တစ်ရက် ကျပ် ၁၅၀၀ ပဲပေးချင်တယ်လို့ တင်းခံနေမယ်ဆိုရင် ဒါဟာအရင်း ရှင်ဆန်တယ်လို့ပဲ သတ်မှတ်ကြမှာပဲ။

အထည်ချုပ်ကိုပဲ ဘာကြောင့် ပြောသလဲဆိုရင် ဒီနှစ်ပိုင်းတွေမှာ မလောက်ငလို့ လစာတိုးတောင်းတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တဲ့ အထဲမှာ အထည်ချုပ် အပါအဝင် လက်ခစားစနစ်နဲ့လုပ်တဲ့ စက်ရုံတွေမှာ ဆန္ဒပြတာက ၉၅ ရာခိုင်နှုန်းအထိ ရှိနေတာရယ်၊ ကျန်တဲ့စက်မှုကဏ္ဍတွေက အနိမ့်ဆုံးလုပ်ခ သတ်မှတ်မယ့်ကိစ္စမှာ ဘာမှအငြင်းသိပ်မပွားဘဲ အထည်ချုပ်တစ်ခုတည်းက လက်တွေ့နဲ့ ဝေးကွာတဲ့ တစ်ရက် ကျပ် ၁၅၀၀ ပဲသတ်မှတ်ချင်တယ်ဆိုပြီး ဖြစ်လာနေတဲ့အတွက်ပါ။

ဟုတ်ပြီ အလုပ်ရှင်တွေဘက်က ဘယ်လောက်ပဲ ၁၅၀၀ ကျပ်လို့ပြောပြော အလုပ်သမား ဝန်ကြီးဌာနကတော့ ၁၅၀၀ ထက်မက တိုးပြီး သူကတော့ မဖြစ်မနေ သတ်မှတ်တော့မှာကိုလည်း အလုပ်ရှင်တွေ သိပြီးသားပါ။
အစိုးရအနေနဲ့လည်း လုပ်အားခ သတ်မှတ်ပေးပြီးရင် ငါ့အလုပ်ပြီးပြီလို့ သတ်မှတ်လို့မရပါဘူး။ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုတွေကို မထိန်းပေးသရွှေ့ မထိန်းနိုင်သရွှေ့ အလုပ်ရှင်က လုပ်အားခတိုးပေးလည်း အလုပ်သမားခမျာ ကုန်ဈေးနှုန်းကြောင့် ဒုက္ခထပ်ရောက် ကြရအုံးမှာပဲ။ မတက်သင့်တဲ့ အခြေခံ စားသောက်ကုန်ဈေး၊ မဖြစ်သင့်တဲ့ အိမ်ခြံမြေဈေးတွေ မထိန်းသရွှေ့လည်း လုပ်ခတိုးရတယ်ဆိုတဲ့ နာမည်ပဲရှိမယ် ဒုက္ခထပ် ရောက်ရအုံးမှာပဲ။ အခု လုပ်ခလစာ တိုးပြီးသွားပြီ ဆိုရင်တောင် လုပ်ငန်းရှင်ချည်းပဲ မဟုတ်ဘူး အစိုးရအနေနဲ့ လုပ်ပေးရမယ့် အပိုင်းတွေ အများကြီး ရှိပါသေးတယ်။



အရင်းရှင်မဆန်ဘူးဆိုခဲ့ရင်

အလုပ်သမားတွေ တစ်ရက်အလုပ်ချိန် ၈ နာရီ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တဲ့ ၁၈၈၆ ခုနှစ် မေ ၄ ရက်၊ အမေရိကန်နိုင်ငံ ချီကာဂို အလုပ်သမား အရေးအခင်းကနေစပြီး ကမ္ဘာ့အလုပ်သမားနေ့ ပေါ်လာတယ်။ အဲဒီနောက်မှာ ကမ္ဘာ့နိုင်ငံ အသီးသီးကလည်း အလုပ်သမား အခွင့်အရေးအတွက် တောင်းဆိုတဲ့ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂတွေ ပေါ်လာတယ်။

၁၈၉၀ ခုနှစ် မေ ၁ ရက်ကစပြီး ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပတာက အခုဆို ၁၂၅ ကြိမ်ရှိခဲ့ပြီ သူတို့ဆီက အလုပ်သမား အခွင့်အရေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ရသွားခဲ့ကြတယ်။
မြန်မာနိုင်ငံမှာတော့ ၁၉၃၈ ခု နှစ် ကိုလိုနီခေတ်မှာ နယ်ချဲ့အရင်းရှင် ဘီအိုစီ ကုမ္ပဏီရဲ့ ခေါင်းပုံဖြတ်မှုတွေကို မခံနိုင်လို့ စခဲ့တဲ့ ရေနံမြေ အလုပ်သမား သပိတ်ကြီးဖြစ်ခဲ့တာ ခုဆိုရင် ၇၇ နှစ်တိုင်သွားပြီ။
ရေနံမြေမှာ အလုပ်လုပ်ရပြီး မီးထွန်းဖို့တောင် ရေနံဆီလုံလောက်အောင် မပေးနိုင်တဲ့အထိ ဖိနှိပ်တဲ့ အတွက် ရေနံသပိတ် ဖြစ်ပေါ်ခဲ့ရတာ။

ရေနံမြေသပိတ်သာ ၇၇ နှစ်တိုင်သွားတယ် အစိုးရအဆက်ဆက်ရဲ့ အလုပ်သမားတွေအပေါ် ဖိနှိပ်မှု၊ အလုပ်သမား အခွင့်အရေးအပေါ် လျစ်လျူရှုမှုတွေကြောင့် အခုအထိ ကျန်တဲ့အခွင့်အရေးကိုထား ခေတ်ကာလနဲ့ လျော်ညီတဲ့ အနိမ့်ဆုံး လုပ်ခလစာလေးကိုတောင် မသတ်မှတ် ပေးနိုင်ကြသေးပါဘူး။

အခုတော့ မလောက်ငမှုတွေ ရပ်တန့်သွားအောင် အလုပ်သမားအနေနဲ့ တရားစွဲဆိုခံပြီး ဆန္ဒပြတောင်းဆို ခဲ့တဲ့နောက်မှာ အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်နိုင်မယ့် အခြေအနေ ရောက်လာပါပြီ။
အလုပ်သမားတွေဘက်က ငတ်လို့ ဆန္ဒပြတာဖြစ်လို့ ခေတ်ကာလနဲ့ ကိုက်ညီအောင် သတ်မှတ်ပေးဖို့ လိုပါတယ်။ ရေနံမြေသပိတ်တပ်ကြီးကိုလည်း အားနာသင့်နေပါပြီ။

အထည်ချုပ် လုပ်ငန်းရှင်တွေ အနေနဲ့ ကျွန်တော်တို့က အရင်းရှင် မဆန်ဘူး၊ အရင်းရှင်လို လုပ်နေတာ မဟုတ်ဘူးဆိုရင် ဘာမှထပ်လျှော့ ပေးလို့မရတော့တဲ့ အလုပ်သမားတွေကို ထပ်လျှော့ခိုင်းမယ့်အစား ခေတ်ကာလနဲ့အညီ တစ်ရက်ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ကို လက်ခံသင့်ပါတယ်။

အစိုးရဆီမှာ ကိုယ်တောင်းဆိုရမယ့် အပိုင်းကိုမလုပ်ဘဲ နှိမ်လို့ရတဲ့ အလုပ်သမား လုပ်ခလစာ အပေါ်မှာပဲ နှိမ်နေမယ်ဆိုရင်၊ တစ်ရက် ၁၅၀၀ ကျပ်ပဲ သတ်မှတ်ချင်တယ် ဆိုရင်တော့ အရင်းရှင်ဆန်တယ်၊ ခေါင်းပုံဖြတ်တယ်လို့ သတ်မှတ်ကြပါလိမ့်မယ်။

နောက်ထပ် ဆွေးနွေးပွဲတွေမှာတော့ တစ်ရက် ၁၅၀၀ ကျပ်ဆိုတာကြီးကို မပြောသင့်တော့ပါဘူး။ ပြောကြဦးမယ် တင်းခံကြဦးမယ် ဆိုရင်တော့ ၈ ပေ ၁၀ ပေ အခန်းကျဉ်းထဲမှာ ကိုယ်တိုင်စုပြုံနေကြည့်ပြီး တစ်ရက် အနိမ့်ဆုံးလစာ ၁၅၀၀ ကျပ်နဲ့ ကိုယ်တိုင်စားသောက် နေထိုင်ကြည့်ပြီးမှပဲပြောတာ အသင့်တော်ဆုံးပါပဲ။

Eleven media group

Monday, 4 May 2015




အမေရိကန် ပြည်ထောင်စုနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကရင်တိုင်းရင်းသူ တဦးဟာ ပညာဆက်လက်သင်ကြားဖို့ ဒေါ်လာ ၂ သိန်း ထောက်ပံ့ကြေးရရှိခဲ့ပါတယ်။

ဂျက်ကန့် ကွတ်ခ် ဖောင်ဒေးရှင်း ပညာသင်ထောက်ပံ့ကြေးက တနှစ်ကို ဒေါ်လာ ၅ သောင်းနဲ့ စုစုပေါင်း ဒေါ်လာ ၂ သိန်းကို ၄ နှစ်အတွက် ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ Karenmystory ဘလောဂ့်က ရေးပါတယ်။

“လူတွေက ကျမကို စိတ်ကူးယဉ်သမားလို့ ပြောတယ်၊ ဒီလိုဖြစ်လာဖို့က အိမ်မက်ထဲမှာ ဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်၊ ကျမက နိုင်ငံမဲ့ မွေးဖွားလာသလို အိမ်ပစ်ယာပစ် ထွက်ပြေးလာတဲ့ သူပါ” လို့ ထောက်ပံ့ကြေးရတဲ့ ဖောစံစိုးက ပြောပါတယ်။

ဖောစံစိုးဟာ မြန်မာပြည်က ကရင်တိုင်းရင်းသားတဦး ဖြစ်သလို အိမ်၊ မိသားစု အသိုက်အဝန်းတွေအားလုံး အစိုးရက ဖျက်ဆီးခဲ့တယ်လို့ သူရဲ့ စာမှာ ဖော်ပြထားပါတယ်။ စစ်နဲ့ ပဋိပက္ခကြောင့် တိုင်းပြည်ထဲမှာ ကောင်းကောင်းမနေခဲ့ရလို့ ထိုင်းက ဒုက္ခသည်စခန်းကို ပြောင်းရွှေ့ခဲ့ရပြီး ၁၃ နှစ်လောက် နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တဦးအနေနဲ့ ထိုင်းကျောင်းကို တက်ခဲ့ရသလို ကျောင်းပြီးရင်လည်း အထောက်အထားမရှိသလို နိုင်ငံသားမဟုတ်တဲ့ အတွက် တက္ကသိုလ်တက်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

၂၀၀၈ ခုနှစ် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာပြီး စာရင်းပေးကာ အထက်တန်းကျောင်းကို တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ 4 May 2015


အဘတို့က ဘယ်တုန်းက စပယ်ယာဖြစ်သွားကြတာလဲ?
ဒီစပယ်ယာလေးတွေက
သန့်သန့်လေးတွေ 
အလုပ်တော်တော်ကြိုးစားကြတာပဲ
ကားတစီး စပယ်ယာ ၄ ယောက်တဲ့
အဲဒီကားလိုင်း စီးချင်လိုက်တာနော်၊၊
စပယ်ရှယ် ဘတ်စ် ဖြစ်ရမယ်၊၊
ကားခကော သက်သာပါ့မလား
မသိဘူးနော်၊၊

အထူးဘတ်စ်ကို စီးချင်သော..

ခရီးသည်

ထိုင်းနိုင်ငံမှ 7-eleven ဆိုင်တနေရာ (photo - howtosurvivethailandtips.blogspot.com)

ထိုင်းက ၂၄ နာရီဖွင့်တဲ့ နာမည်ကျော် 7-Eleven ကုန်စုံဆိုင်တွေမှာ အရက်၊ ဘီယာ၊ အအေး၊ မုန့်ခြောက်နဲ့ တိုလီမုတ်စတွေကို ရောင်းရုံမက မိုဘိုင်းဖုန်း ငွေဖြည့်ကတ်၊ လစဉ် ရေခ မီးခတို့ကို ပေးချေငွေသွင်းလို့ ရတာကြာပါပြီ။ အခုတော့ လေယာဉ်ပျံလက်မှတ်ပါ ဝယ်လို့ရပါတော့မယ်။


စရိတ်နည်း လေကြောင်းလိုင်းတခုဖြစ်တဲ့ Thai Smile Airways က 7-Eleven ကိုပိုင်တဲ့ CP ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတခုဖြစ်တဲ့ Counter Service ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ လေယာဉ်လက်မှတ် ကြိုတင်မှာယူတာတွေ၊ ငွေပေးချေတာတွေ အချိန်မရွေးပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးတော့မှာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာက ရေးပါတယ်။

အသွားအပြန် လေယာဉ်လက်မှတ် ကြိုတင်မှာယူတာ ငွေချေတာတွေကို လုပ်နိုင်မယ်လို့ သိရပါတယ်။  ခရီးသည်တွေအနေနဲ့ ပထမဆုံး ThaiSmileAir.com ကနေတဆင့် ထိုင်ခုံနေရာမှာယူနိုင်ပါတယ်။ ပြီးရင် ဘားကုဒ်ကို ပရင့်ထုတ်ယူပြီး သွားရောက်မယ့် အချိန်မတိုင်မီ ဘယ် 7-Eleven ဆိုင်မှာမဆို ငွေပေးသွင်းလို့ ရပါတယ်။ ငွေပေးချေထားတဲ့ ဖြတ်ပိုင်းကို လေဆိပ်မှာ လေယာဉ်စီးတဲ့အခါ e-ticket အနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဒါမှမဟုတ်ရင်လည်း 7-Eleven ဆိုင်တွေမှာ သွားပြီးတော့ ကြိုတင်မှာယူခြင်း၊ ငွေပေးချေခြင်းတွေ တိုက်ရိုက် ပြုလုပ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ဘတ်ငွေ ၂ ဘီလီယံ ရရှိခဲ့တဲ့ Counter Service က အခုနှစ်အတွင်းမှာ ရောင်းအားကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြား အထိတိုးတက်လာဖို့အတွက် အခုလိုလုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

 
 Thai Smile Airway ဟာ Thai Airways International ရဲ့ လုပ်ငန်းခွဲတခုလည်းဖြစ်ပါတယ်

Thai Smile  လေကြောင်းလိုင်းကလည်း အခုနှစ်အတွင်းမှာ ခရီးသည် အရေအတွက် ၃.၈ သန်းအထိရရှိနိုင်ဖို့ မျှော်လင့်ထားပါတယ်တဲ့။ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအတွင်းမှာ ခရီးသည် ၁.၂ သန်းကို သူတို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။
မြန်မာသရများ၊ မြန်မာသဒ္ဒါနှင့် မြန်မာသင်ပုန်းကြီး

ခေါင်းစဉ်ကြည့်ပြီး လန့်မသွားပါနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးမှာပါဗျ။ ဘာသာစာပေတစ်ခုဆိုတာနဲ့ ဗျည်းနဲ့ သရရယ်လို့ ၂ မျိုးရှိတာ သိထားကြပြီးသားပါ။ အင်္ဂလိပ်စာမှာတော့ ရိုးရှင်းတယ် ဗျည်း သရတွေဟာ ရှေ့နောက်စဉ်ထားတယ်လေ။ မြန်မာမှာတော့ နည်းနည်းရှုပ်သဗျ။ သရကို သင်္ကေတအနေနဲ့ ဗျည်းကို သွားပေါင်းရတယ်။ Complex script လို့ခေါ်တာပေါ့။ အားတော့မငယ်နဲ့ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး ဒေဝနာဂရီ အပါအဝင် အိန္ဒိယ၊ အာရှ အက္ခရာတွေမှာ complex script တွေ အများကြီးပဲ။ အခုတော့ မြန်မာ အကြောင်းပဲ ပြောကြတာပ။
မြန်မာသရကို ၁၁ လုံးရှိတယ်လို့ ပညာရှိတွေဆိုကြတယ်။ (၁၂ လုံးရှိတယ်လို့ သိထားကြတာလဲ ရှိမှာပါ။ ဆက်ဖတ်ရင် ရှင်းသွားမှာပါ)

"အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို" ရယ်လို့ သရ ၁၁ လုံးပါတယ်။ မြန်မာ သရတွေမှာ လုံးချင်းသရ ဗျည်းယှဉ်သရလို့ ရေးနည်း ၂ မျိုးရှိတာလဲ သိကြမှာပါ။ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ ဩ၊ ဪ ဆိုတဲ့ သရ ၇ လုံးဟာ ဗျည်းနဲ့ ယှဉ်တွဲရင် ိ၊ ီ၊ ု၊ ူ၊ ေ၊ ော၊ ော် ဆိုပြီး သင်္ကေတအနေနဲ့ ရေးရတယ်။



'အ' သရဟာ အလွန်အင်မတန် ရှုပ်ထွေးပွေလီတဲ့ သရပါ။ ဒီလိုဗျ အ သရဟာ ဗျည်းတွေနဲ့ပေါင်းရင် မမြင်ရဘဲ ပျောက်နေတယ်ဗျ။ က ဆိုတာနဲ့ 'က'ဗျည်းနဲ့ 'အ'သရ ပေါင်းထားတာဖြစ်တယ်။ ဗျည်း ၃၂ လုံးစလုံးမှာ အ သရပေါင်းစပ်ထားပြီးသာလို့သာ မှတ်ရမယ်။ က၊ခ၊ဂ၊ဃ၊င စတာတွေပေါ့။ ဒါဆို သရမပါဘဲ ဗျည်းသက်သက်ဆိုရင် ဘယ်လိုလုပ်မလဲ။ Virama ဝိရာမ လို့ခေါ်တဲ့ အသတ်လေး ထည့်ပေးရုံပဲ။ က်+အ>က ပေါ့ဗျာ။ ခ်+အ>ခ စသည်ဖြင့်ပေါ့။ ဒီလို 'အ'သရဟာ ဗျည်းထဲမှာ တိမ်မြုပ်နေတဲ့အတွက် နားလည်ရခက်ပါတယ်။ အင်္ဂလိပ်လိုဆိုရှုင်းတယ်။ K ဆို ဗျည်း သက်သက်ပဲ Ka ဆိုမှ က လို့ အသံထွက်မယ်။ ရှင်းရှင်းလေး။

အာ

အာသရဟာ အ ရဲ့အသံရှည်ဆိုရင်လဲဟုတ်ပါတယ်။ အာသရအတွက် ရေးချ ာ ဆိုတဲ့ သင်္ကေတကို ထွင်ထားပါတယ်။ ဗျည်းနောက်မှာ ရေးချထည့်လိုက်တာပါ။ ကာ၊ ခါ၊ ဂါ စတာပေါ့။ က်+အာ>ကာ။ ခ်+အာ>ခါ လို့ ဗျည်နဲ့ သရ သက်သက်ခွဲကြည့်ရင် မြင်သာပါတယ်။



ဣ သရရဲ့ သင်္ကေတကတော လုံးကြီးတင်ပါ။ ကိ၊ ခိ ပေါ့။ က်+ဣ>ကိ၊ ခ်+ဣ>ခိ လို့ ဗျည်းနဲ့သရ သက်သက်ခွဲကြည့်လို့ရပါတယ်။



ဤ သရရဲ့ သင်္ကေတကတော့ လုံးကြီးတင်ဆံခပ်ပါ။ ကီ၊ ခီ စတာပေါ့။ က+ဤ>ကီ၊ ခ+ဤ>ခီ လို့ဆိုရင် မြင်သာပါပါ။ က်၊ ခ် ဆိုပြီး အသတ်ထည့်ပြတာကတော့ ဗျည်းသက်သက်ဖြစ်ကြောင်း ပြချင်လို့ပါ။

ဥ၊ဦ

ဥ၊ ဦ ရဲ့ သင်္ကေတကတော့ တစ်ချောင်းငင်နဲ့ နှစ်ချောင်းငင်ပါ။ က်+ဥ>ကု၊ ခ်+ဥ>ခု။ က်+ဦ>ကူ၊ ခ်+ဦ>ခူ။



လာပါပြီ ပြဿနာပေးတဲ့သရတစ်ခု။ ဧ သရကို သင်္ကေတ သဝေထိုးနဲ့ ပြပါတယ်။ ဗျည်းနဲ့ သရပေါင်းရင် ဗျည်းပြီးမှ သရလာရပါတယ်။ ေ ကတော့ ဗျည်းရှေ့ရောက်နေတော့ မျက်စိလည်ကုန်ပါတယ်။ ဒါမျိုးကို prevowel လို့ခေါ်ပါတယ်။ မြန်မာအက္ခရာတွေနဲ့ အမျိုးတော်တဲ့ အိန္ဒိယ အက္ခရာတွေမှာ ဒီလိုအက္ခရာမျိုး ရှိပါတယ်။
ဥပမာ- ကေ သံကိုရချင်ရင် ကအေ>ကေ လို့ အသံထွက်လို့ရပါတယ်။ သရအရင်လာလို့သာ အေကဆိုရင် ကေ လို့ အသံမထွက်တော့ပါဘူး။
 က အ>က။ က အာ>ကာ။
က အိ>ကိ။ က အီ>ကီ။
က အု>ကု။ က အူ>ကူ။
က အေ>ကေ။ က အဲ>ကဲ။
က အော>ကော။ က အော်>ကော်။က အို>ကို။ အသံထွက်ရွတ်ကြည့်ရင် ဗျည်းနောက်က သရရှိတာပဲ သတိပြုမိမှာပါ။

အဲ

သင်္ကေတကတော့ နောက်ပစ်ပေါ့။ ဧဲ လို့ လုံးချင်းသရရေးတာလဲ ရှိပါတယ်။ က်+အဲ>ကဲ၊ ခ်+အဲ>ခဲ
က အဲ>ကဲ၊ ခ အဲ> ခဲ လို့ အသံထွက်ရွတ်ကြည့်ပေါ့။



ဩ သရကို သင်္ကေတ အနေနဲ့ သဝေထိုးနဲ့ ရေးချ ပေါင်းပြရတယ်။ အော ပေါ့ဗျာ။ ဒီနေရာမှာ မျက်စိလည်စရာက ေ က ဧ ရဲ့ သင်္ကေတ၊ ာ က အာ ရဲ့ သင်္ကေတ။ ဒါကြောင့် အော ဆိုတာ အေ နဲ့ အာ ပေါင်းထားတာဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ အေ အာ၊ အေ အာ လို့ရွတ်ကြည့်ပါ အော ဆိုတာနဲ့ နီးစပ်တဲ့အသံတောင် ထွက်မလာတာတွေမှာပါ။ ဆိုလိုတာက ဩ ရဲ့ သင်္ကေတကိုက ော ပါ။ အမြင်အတိုင်း ဆုံးဖြတ်လို့ မရပါဘူး။



ဪ ဆိုတာလဲ သဝေထိုး ရေးချ ရှေ့ထိုး ၃ ခုပေါင်းထားတာပါ။ ဪ ရဲ့ သင်္ကေတကိုက ော် ပဲဆိုတာ မှတ်ထားဖိုလိုပါတယ်။

အို

အိုကတော လုံးကြီးတင် တစ်ချောင်းငင်ပါ။ ို ထုံးစံအတိုင်း အိ နဲ့ အု ပေါင်းပြီး အို ထွက်လာတာမဟုတ်ပါဘူး။ လက်တွေရွတ်ကြည့်ပါ။ မြန်မာစာမှာ အမြင်အတိုင်း ဆုံးဖြတ်လို့မရဘူး ဆိုတာလေး သိစေချင်လို့ပါ။

မြန်မာသင်ပုန်းကြီး
...............................
မြန်မာသင်ပုန်းကြီးကတော့ မြန်မာလူမျိုးတိုင်း လေ့လာသင်ယူခဲ့ရတဲ့ ကျမ်းစာပါ။ မြန်မာသင်ပုန်းကြီးကို ၁၃ ရာစုအလယ်လောက်မှာ ဦးကျဉ်ပွေ့လို့ခေါ်တဲ့ ရှင်ဒိသာပါမောက္ခ ဆရာတော်က ကျစွာမင်းရဲ့ တောင်းပန်မှာကြောင့်ရေးသားခဲ့ပါတယ်။

သင်ပုန်းကြီးမှာ သင်ရိုးသရ ၁၂ လုံးနဲ့ သင်ရိုးဗျည်း ၃၃ သုံးလို့ပါပါတယ်။
အ၊အာ၊ဣ၊ဤ၊ဥ၊ဦ၊ဧ၊အဲ၊ဩ၊ဪ၊အံ၊အား ဆိုပြီး သင်ရိုးသရ ၁၂ လို့ပြပါတယ်။ ကျွန်တော်တို့ တော်တော်များများလဲ သရဟေ့ဆိုရင် ဒီ ၁၂ လုံးရွတ်မိတာများပါတယ်။
ပါဠိမှာ သေးသေးတင် ံ ကို ဗျည်းလို့ အတိအလင်းပြဆိုပါတယ်။ သက္ကတမှာ သေးသေးတင် ံ နဲ့ ဝသဇ္ဇနီ း ကို ဗျည်းလို့ပဲ ပြပါတယ်။ သင်ပုန်းကြီးမှာ ဘာလို့ သရထဲပါနေတာလဲ???

သတိပြုစရာက သင်ရိုးသရ ဆိုတဲ့ စကားပါ။ သင်ပုန်းကြီးဆိုတာ လေးငါးနှစ်အရွယ်ကလေးတွေ သင်ယူဖို့ပြုစုထားတဲ့ကျမ်းပါ။ ဒီအရွယ်ကလေးတွေကို ဗျည်း၊ သရတွေ အကြောင်း အသေးစိတ်သွားသင်ရင် ရူးသွာနိုင်လောက်တယ်။ ဒါကြောင့်ပဲ စာလုံးပေါင်းရေးရင် အဆင်ပြေအောင် သင်ရလွယ်အောင်ပဲ လုပ်ခဲ့တဲ့သဘောပါ။ သဝေထိုး၊ ရေးချ စတဲ့ သင်္ကေတတွေကိုလဲ ရှင်းမပြဘဲ စာလုံးပေါင်းရေးဖတ်ပဲ သင်ခဲ့ ကြရပါတယ်။ နောင် အရွယ်ရောက်လာတာနဲ့ အမျှ ဗျည်း၊ သရတွေအကြောင်း အသေးစိတ် သင်ပေးမယ့် သဘောပါပဲ။ ရှေးမြန်မာတွေဟာ ပါဠိစာပေကိုလဲ သင်ယူခဲ့ကြတော့ ဒီအကြောင်းအရာတွေကို သိကြမှာ သေချာပါတယ်။

ဒီဘက်ခေတ်ရောက်လာတာနဲ့ သင်ကြားမှုပုံစံတွေ ပြောင်းလာပြီး မြန်မာသဒ္ဒါကို အသေးစိတ် သင်ကြားမှု နည်းလာပါတယ်။ အလွတ်ကျက်ကိုအားထားတဲ့စနစ်နဲ့ မြန်မာစာပေကို အထင်မြင်သေးလာတဲ့ မိဘတွေရဲ့ အတွေးအခေါ်တွေလဲ ပါပါလိမ့်မယ်။ ဒါကြောင့် မြန်မာစာပေရဲ့ အခြေခံအချက်အလက်တွေကို သတိထားမိသူ နည်းလာတာပါ။

ပြောချင်တာက အခုမှရောက်တယ်။ မြန်မာစာကို ကွန်ပျူတာစနစ်မှာ အသုံးပြုနိုင်အောင် ကြိုးစားကြတော့ ယူနီကုဒ်စံဆိုတာ ပေါ်လာပါတယ်။ ယူနီကုဒ်မှာ သဝေထိုး ေ ကို ဗျည်းနောက်မှာထား သိမ်းပါတယ်။ ဒါကို တစ်ချို့က မြန်မာရေးထုံးနဲ့မညီဘူး ပြောလာကြတယ်။ သဒ္ဒဗေဒစည်းမျည်း မြန်မာသဒ္ဒါစည်းမျည်းတွေအရ သရဟာ ဗျည်းနောက်မှာသာ နေရပါတယ်။ သဝေထိုးဟာလဲ သရဖြစ်လို့ ဗျည်းနောက်မှာ နေတာသာ အမှန်ဆုံးဖြစ်ပါတယ်။ သင်ပုန်းကြီးမှာ ဆိုရေးခဲ့တဲ့အတိုင်း သဝေထိုးရှေ့ကရိုက်ချင်ရင်လဲ ကီးဘုတ်တွေ ထွင်ထားကြပါတယ်။ အဓိကကတော့ သိမ်းတဲ့နေရာမှာ တူညီတဲ့စံနဲ့ သိမ်းဖို့ပါပဲ။

မြန်မာစာပေတိုးတက်ပါစေ။


ရဲဇာနည် အောင်