Tuesday, 16 July 2019

       
လွန်ခဲ့တဲ့နှစ်ပေါင်း ၇ဝ ကျော် အတိတ်ဆီက သွေးမြေကျဖြစ်ရပ်ဆိုးကြီး ကို ဒီကနေ့ ဒီအချိန်အထိ မမေ့နိုင်ကြသေးပါဘူး။ ပြန်စဥ်းစားလိုက်တိုင်း သွေးပျက်ထိတ်လန့်စရာ အတွေးတွေချည်း မြင်ယောင် မိကြတယ်။ ထိတ်လန့်စရာ၊ အံ့ဩစရာ၊ တုန်လှုပ်ချောက်ချားစရာ ဒီအဖြစ်ဆိုးကြီးဟာ တိုင်းပြည်ရဲ့ အမည်းစက်ကြီးအဖြစ် သမိုင်းမှာဖျောက်ဖျက်လို့ မရနိုင်လောက်အောင်၊ မေ့ပျောက်လို့ မရနိုင် လောက်အောင် စွန်းထင်းပေကျံနေဆဲပဲဖြစ်ပါတယ်။

အခြေအနေအချိန်အခါကို ပြန်ကြည့်လိုက်တော့ တိုင်းပြည်လွတ်လပ်ရေး ရဖို့ အင်တိုက်အားတိုက် ကြိုးစားနေကြတဲ့အချိန်၊ လွတ်လပ်ရေးကြီး ရလုဆဲဆဲအချိန်၊ ဒီလိုအချိန်မျိုးမှာမှ အမျိုးသား ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ကြရတယ်။ တိုင်းပြည်အတွက် အစားထိုး မရတဲ့ နစ်နာဆုံးရှုံးမှုကြီး ဖြစ်သွားခဲ့ရတယ်။ လွတ်လပ်ရေး ရောင်ခြည် သန်းလာလို့ ပျော်ရွှင်ကြည်နူး ကြရမယ့်အစား ကြေကွဲဝမ်းနည်းမှုတွေနဲ့ သာ စခန်းသွားခဲ့ကြ ရတယ်။

တိုင်းပြည်အတွက် ကြီးမားသော ထိခိုက်နစ်နာမှု

တကယ်ဆို ဒီခေါင်းဆောင်ကြီးတွေသာ ဆက်ရှိနေခဲ့ကြရင် လွတ်လပ်ရေး ရပြီးတာနဲ့ တိုင်းသစ် ပြည်သစ် တည်ဆောက်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်ကောင်းကောင်း နဲ့ ဆက်ပြီးဆောင်ရွက် နိုင်ကြမှာပါ။ လွတ်လပ်ရေးခရီးအတွက် ဇာတ်ပေါင်းခန်း ရောက်ခါနီးချိန်ဖြစ်ပေမယ့် တိုင်းပြည် ထူထောင်ရေး အတွက်ကတော့ ဇာတ်ပန္နက် ရိုက်ချိန်မှာပဲ ရှိနေသေးတဲ့အချိန်ပါ။ ဒီအချိန်မှာ ဒီအဖြစ်နဲ့ ကြုံလိုက်ရတာက ဒီတိုင်းပြည်အတွက် ထိခိုက်နစ်နာမှု အကြီးကြီးဖြစ် ခဲ့ရပါတယ်။ သဲကြီးမဲကြီး ပြေးလာ ရသူတစ်ယောက် ပန်းဝင်ခါနီးမှ ခလုတ်တိုက်လဲရတဲ့ အဖြစ်ထက် အများကြီး ပိုနစ်နာခဲ့ရတယ်။

ဒီအဖြစ်ဆိုးကြီးကနေတစ်ဆင့် လူ့စိတ်လှု့သဘာဝတွေ အကြောင်းကို လည်း တွေးတောဆင်ခြင်ဖွယ်ရာ ဖြစ်လာခဲ့တယ်။ လုပ်ကြံမှုကြီးကို စီစဥ်ညွှန်ကြားတဲ့သူက လက်နက်ကိုင် သောင်းကျန်းသူလည်း မဟုတ်၊ အစိုးရကိုတော်လှန် ပုန်ကန်နေတဲ့သူ လည်း မဟုတ်ဘူး။ လွတ်လပ်ရေး မရမီကာလ တိုင်းပြည် ကို ဦးဆောင်ဦးရွက် ပြုခဲ့ကြသူ တွေထဲမှာ အဓိကနေရာက တာဝန်ထမ်းဆောင်ခဲ့တဲ့ နန်းရင်းဝန်ကြီး။ ဒီလိုပုဂ္ဂိုလ် ကြီးမျိုးက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ အမျိုးသားခေါင်းဆောင် ကြီးတွေအပေါ် ဘာကြောင့်များ ဒီလောက် ရက်စက်ကြမ်းကြုတ် တဲ့အမှုကြီး ကျူးလွန်လိုက်မိတာ ပါလိမ့်။ သူဘာ့ကြောင့် ဒီလိုကျူးလွန် ရသလဲဆိုတာကို သူကိုယ်တိုင်မှသာ အတိအကျ သိနိုင်မှာပါ။ ပြစ်ဒဏ်မခံယူမီ အကျဥ်းစံဘဝနဲ့ သှူသမီးဆီရေးတဲ့ စာမှာတော့ ဒေါသ၊ အာဃာတ တွေကြောင့် ဒီလိုကျူးလွန်ခဲ့မိတဲ့အတွက် သူမှားခဲ့ကြောင်း ဝန်ခံတာတွေ ပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရာရာ ဟာနှောင်းခဲ့ပြီလေ။ တစ်ကပြန်စဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ သူ့ဆုံးဖြတ်ချက်တစ်ခုရဲ့နောက်ကွယ်မှာ တိုင်းပြည် ဟာ အထိနာ ခဲ့ရတယ်။

တစ်နည်းတစ်ဖုံ ဝေဖန်သုံးသပ်ကြည့်မယ်ဆိုရင်တော့ ဒီလိုအမှုမျိုးကြီးကို ကျူးလွန် လိုက်မိတာ ဣဿာစိတ်တွေ များသွားခဲ့လို့လို့လည်း ပြောနိုင်မယ် ထင်ပါတယ်။ ခေါင်းဆောင်ကြီးတွေရဲ့ ဆောင်ရွက်ချက်အရ တိုင်းပြည်က လွတ်လပ်ရေးရတော့ မယ်။ တိုင်းသူပြည်သားတွေကလည်း ဗိုလ်ချုပ်ကို အလွန်ကြည်ညိုလေးစား နေကြတဲ့အချိန်ဆိုတော့ အလိုလိုနေရင်း ကျွဲမြီးတိုသွားခဲ့မယ်လို့ ထင်ပါတယ်။ ဒီစိတ်ကလေး တဖြည်းဖြည်း ကြီးထွားလာရင်း လူ့အသက်ကိုပါ နုတ်ယူပစ် လိုက်ဖို့အထိ ဆုံးဖြတ်လိုက်မိတယ်လို့ ထင်ပါတယ်။

ဣဿာစိတ်များ သိပ်ကိုကြောက်စရာကောင်းပါတယ်။ စွန်းလွန်းဂူ ဆရာတော်ကြီးရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်အရတော့ ‘‘ကိုယ့်အိတ်ထက် သူ့အိတ်ကသာတော့ ဣဿာ’’တဲ့။ တစ်ယောက်ယောက် က တစ်နေရာရာ မှာ ကိုယ့်ထက်သာ သွားပြီဆိုရင် မနာလိုစိတ်တွေ ဖြစ်ကုန်တော့ တာပါပဲ။ အထူး သဖြင့် ကိုယ့်ထက်သာသွားတဲ့သူက ဟိုအရင်တုန်းက သူလို ကိုယ်လိုလူတစ်ယောက်ဘဝကနေ မြင့်တက်သွားတာဆိုရင် ပိုပြီးတော့တောင်မှ မနာလိုစိတ် ဖြစ်တတ်ပါသေးတယ်။

မနာလိုဝန်တိုစိတ်ဆိုတာ လုပ်ငန်းနယ်ပယ်မတူတဲ့ သူအချင်းချင်းမှာ သိပ်ပြီးဖြစ်ပေါ်လေ့ မရှိပါဘူး။ လုပ်ငန်းတူ၊ နယ်ပယ်တူအချင်းချင်းမှာ ကျင်လည်ဖြတ်သန်းကြတဲ့သူ အချင်းချင်း ဖြူစင်သန့်ရှင်းတဲ့ မေတ္တာစိတ် မထားနိုင်ကြရင် ဣဿာစိတ်တွေ ဝင်လာတတ်ပါတယ်။ ဒီစိတ်ဟာဝင်လာ ရင် ဝင်လာတယ်လို့ ချက်ချင်းသိလိုက်မှ အဆင်ပြေတာပါ။ မနာလို ဝန်တိုစိတ်ဝင်နေတာကို ဝင်မှန်းမသိဘဲ မွေးမြူထားလိုက်မိရင် တဖြည်းဖြည်းကြီးထွားလာပြီး ဟိုတစ်ဖက်ရဲ့ အကျိုးပျက်စီးရာ ပျက်စီးကြောင်း ကို ကြံမိလျက်သား ဖြစ်သွားတတ်ပါ တယ်။

တစ်တိုင်းတစ်ပြည်လုံး မမေ့နိုင်ဖြစ်ကြရတဲ့ ၁၉ ဇူလိုင် ဖြစ်စဥ်ကြီးဟာ မနာလိုစိတ်အပေါ်မှာ အခြေခံပြီး ဖြစ်ပွားခဲ့ရတာလို့ ပြောရင်မှန်လိမ့် မယ်ထင်ပါတယ်။ ဖြစ်ပြီးခဲ့တာကတော့ ဘာမှမတတ်နိုင်တော့ပါဘူး။ ပြန်ပြင်လို့လည်း မရတော့ဘူး။ တစ်ကနေပြန်စဖို့လည်း မဖြစ်နိုင်တော့ဘူး။ ကြေကွဲဝမ်းနည်းခြင်း ကလွဲပြီး ဘာမှမတတ်နိုင်တော့ ဘူးလို့ ထင်စရာပါပဲ။ ဒါပေမယ့် ကိုယ်တတ်နိုင်တာ တစ်ခုတလေများ ရှိလေဦးမလားလို့ စဥ်းစားစရာတော့ ရှိလာပါတယ်။

နိုင်ငံ့ခေါင်းဆောင်ကြီးတွေ သွေးမြေကျခဲ့ရတဲ့ အာဇာနည်နေ့ ရောက်တိုင်းမှာ နိုင်ငံသားတိုင်း ဆောင်ရွက်နိုင်တဲ့အချက်၊ ဆောင်ရွက် သင့်တဲ့အချက် သုံးချက်လောက်တော့ ရှိလိမ့်မယ်လို့ ယေဘုယျ အားဖြင့် မှတ်ယူနိုင်ပါတယ်။

ပထမသင်ခန်းစာ

ပထမတစ်ချက်က အာဇာနည်ကြီးတွေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ ဆင်ခြင်ဖို့ပါ။ အာဇာနည် ခေါင်းဆောင်ကြီးတွေဟာ မကျဆုံးမီ ဘဝသက်တမ်းတစ်လျှောက် တိုင်းရေးပြည်ရာ တာဝန်တွေကို ဘယ်လောက်အထိ ထမ်းဆောင်ခဲ့ကြတယ် ဆိုတာတွေ၊ အချုပ်အခြာ အာဏာဆုံးရှုံးနေတဲ့ တိုင်းပြည် တစ်ခုကို လွတ်လပ်တဲ့တိုင်းပြည် တစ်ပြည်ဖြစ်လာအောင် ကြိုးပမ်းခဲ့ကြ တာတွေ၊ အနစ်နာခံပြီး စွန့်လွှတ်စွန့်စားခဲ့ကြပေမယ့် ကိုယ်ကျိုးစီးပွားအတွက် ငဲ့ကွက်ဆောင်ရွက် မှုမရှိခဲ့ပုံတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် လမ်းစဥ်မူဘောင်တွေ ချမှတ်ခဲ့ကြပုံတွေ စသည်အားဖြင့် လွတ်လပ်ရေး တိုက်ပွဲဝင်ကာလ အတွင်းမှာ အမျိုးသားခေါင်းဆောင်ကြီးများရဲ့ ပြုမူလှုပ်ရှားဆောင်ရွက် ခဲ့သမျှတွေ၊ ပြောခဲ့ဆိုခဲ့ လမ်းညွှန်ခဲ့တဲ့ အချက်တွေကို ပြန်ပြောင်း အောက်မေ့ဆင်ခြင်သင့်ပါတယ်။

အာဇာနည်ကြီးတွေရဲ့ ဘဝဇာတ်ကြောင်းကို ပြန်ပြောင်း အောက်မေ့ခြင်း အားဖြင့် ဒီခေါင်းဆောင်ကြီး တွေဟာ ကိုယ့်တိုင်းပြည်အတွက် ထာဝရအလေးအမြတ်ပြု ဦးထိပ်ပန်ဆင်အပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေ ပါလားဆိုတဲ့ အချက်ကိုလည်း ကောင်းကောင်း သဘောပေါက် နားလည်သင့်ပါတယ်။ လူတစ်ယောက် ရဲ့ သက်တမ်းကာလအားဖြင့် တွက်ကြည့်မယ်ဆိုရင်လည်း ဘဝသက်တမ်းကုန်ဆုံးဖို့ အဝေးကြီး လိုသေးတဲ့အချိန်၊ တိုင်းပြည်ရဲ့အခြေအနေနဲ့ ချိန်ထိုးကြည့်မယ် ဆိုရင်လည်း တကယ့်မိုးထဲရေထဲ ရောက်နေတဲ့အချိန်၊ ဒီလိုအချိန်မျိုးမှာမှ ဒီအဖြစ်မျိုးကြီး ကြုံလိုက်ရပါလားဆိုတဲ့ အချက်ကိုလည်း ပြန်ပြောင်းအောက်မေ့ပြီးတော့ ဒီအဖြစ်ဆိုးမျိုးဟာ တိုင်းပြည်အတွက် ဘယ်သောအခါမှ မရှိသင့် မရှိအပ်တော့ပါလားဆိုတဲ့ အချက်ကိုလည်း သတိဝင်သင့်ပါတယ်။

ဒုတိယသင်ခန်းစာ

ဒုတိယတစ်ချက်က ဒီဖြစ်ရပ်ဆိုးကြီးကနေ သင်ခန်းစာဖော်ထုတ်ကြဖို့ပါ။ ဘာ့ကြောင့် ဒီအဖြစ် အပျက်ကြီး ပေါ်ပေါက်ခဲ့ရတာလဲ။ ကျူးလွန်သူတွေ ဘက်က ဘယ်လိုအချက်အလက် တွေကြောင့် ဒီလောက်အထိ ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆောင်ရွက်ခဲ့ကြတာလဲ။ ဘယ်လိုရန်ငြိုး ရန်စမျိုးကို အခြေခံပြီး ဖြစ်ပေါ်ခဲ့ရတာလဲ။ ကျူးလွန်ခြင်းခံကြရတဲ့ ခေါင်းဆောင်ကြီး တွေဘက်မှာရော လုံခြုံရေးပိုင်းဆိုင်ရာမှာ ဘယ်အချက်တွေ အားနည်းသွားလို့ အခုလိုဖြစ်ခဲ့တာလဲ စသည်စသည် အားဖြင့် မေးခွန်းပေါင်းများစွာ ဖော်ထုတ်ပြီး ဒီမေးခွန်းတွေနဲ့ ပတ်သက်တဲ့ အဖြေတွေကိုလည်း ခြေခြေမြစ်မြစ် ရှာဖွေသင့်ပါတယ်။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာဆိုတဲ့စကားကို ပြဿနာတွေဖြစ်တိုင်း ထုတ်သုံးလေ့ ရှိကြပါတယ်။ သဘောကတော့ တစ်ဖက်တည်းရဲ့ အမှားကြောင့် ဖြစ်တဲ့ပြဿနာမျိုးဆိုတာ အလွန်ရှားတယ်လို့ ဆိုလိုတဲ့ သဘော။ ချိတ်ချိတ်ချင်းမှ ချိတ်တာပါလို့လည်း ဆိုကြပြန် ပါသေးတယ်။ ဒီစကားကလည်း နှစ်ဖက်လုံးဆိုးမှ ပြဿနာဖြစ်တာ ဆိုတဲ့သဘောဘက်ကို ရောက်သွားပါတယ်။ ဒါပေမယ့် ဒီဖြစ်စဥ်ကြီးမှာတော့ အကျူး လွန်ခံရတဲ့ ခေါင်းဆောင်ကြီးတွေခမျာ ဘယ်လိုရန်ငြိုး ရန်စမှ မမွေးခဲ့ရပါဘဲနဲ့ အလစ်အငိုက်ကို တိုက်ခိုက်ချေမှုန်းခြင်း ခံလိုက်ကြရတာပါ။ နှစ်ဦးနှစ်ဖက် အချင်းများရာကတစ်ဆင့် ရန်မီးပွားပြီး ဖြစ်ခဲ့ရတဲ့ ပြဿနာမျိုး လည်းမဟုတ်။ ကိုယ်ကြုံလိုက်ရတဲ့ ချောင်းမြောင်း ပစ်ခတ်မှု တစ်ခုအပေါ်မှာ ဒီကိစ္စဟာတော့ဖြင့် ဟိုလူလုပ်တာနေမှာပဲ၊ ဒီလူခိုင်းလို့ လုပ်တာဖြစ်မှာပဲဆိုတဲ့ အတွေးမျိုးနဲ့ သံသယစိတ်တွေပွားပြီး ဒီသံသယက တဖြည်းဖြည်းကြီးထွားလာ၊ ကြီးထွားလာရာကတစ်ဆင့် အာဃာတအငြိုးအတေးအဖြစ် ပုံစံတွေပြောင်း၊ ကာလ ကြာညောင်း လာတော့ ဒီအစိုင်အခဲကို ရင်ထဲမှာမျိုသိပ်မထား နိုင်တော့ဘဲနဲ့ အကြမ်းနည်းနဲ့ဖြေရှင်းလိုက်တဲ့အတွက် ဒီအဖြစ် မျိုးကြီး ဖြစ်ခဲ့ရတာလို့ ဆိုချင်ဆိုနိုင်ပါလိမ့်မယ်။ သံသယရဲ့ အကျိုးဆက်တွေဟာ ဘယ်လောက် အထိ ကြောက်စရာ ကောင်းသလဲ ဆိုတာကိုလည်း သတိပြုဆင်ခြင်စရာကောင်း ပါတယ်။

တစ်ဖက်တည်း တီးလိုက်တဲ့ လက်ခုပ်သံဟာ ကျယ်ကျယ် လောင်လောင်မြည် သွားခဲ့တယ်။ တစ်ချိတ်တည်း ချိတ်ယူလိုက်တဲ့ ချိတ်ဟာအမြစ်ကကျွတ်သွားအောင် ဆွဲယူမွှေနှောက် သွားနိုင်ခဲ့ တယ်။ တစ်ဖက်တည်းက မွှေးထားလိုက်တဲ့ ရန်မီးလေးဟာ အပြန်အလှန် သဘောမရှိရပါဘဲနဲ့ တဟုန်းဟုန်း တောက်လောင် ခဲ့ရတယ်။ ကောင်းရာကောင်းကျိုးဆောင်ရွက် နေတာပဲလေ၊ ဘယ်သူကမှ အမုန်းပွား၊ ရန်ငြိုးထားမှာ မဟုတ်လောက်ပါဘူးဆိုတဲ့ အတွေးဟာလည်း သိပ်ကိုလွဲချော် သွားခဲ့တယ်။ လုံခြုံရေးပိုင်းဆိုင်ရာ လစ်ကွက် ဟာကွက်ကလေးတစ်ကွက် ပေါ်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ဖက်က ထိုးနှက် လိုက်တဲ့ ကန်ချက်ဟာ အရှိုက်ကိုတည့်တည့်ကြီး ထိသွားခဲ့တယ်။

သင်ခန်းစာဆိုတာကလည်း ယူမှဖြစ်မှာပါ။ ရာဇဝင်ဘီးက တစ်ပတ် ပြန်လည် တယ်ဆိုတဲ့ အဆိုတစ်ခု ရှိပါတယ်။ ဒီလို ဘီးမျိုးတော့ နောက်ထပ်တစ်ခါမှ မလည်ပါရစေတော့နဲ့။ ဖြစ်ပြီးခဲ့တာတွေအတွက် ဘယ်လိုသင်ခန်းစာတွေ ဖော်ထုတ်သုံးသပ်ကြမလဲဆိုတဲ့အချက်ကို ဒီလိုအချိန်မျိုးမှာ အလေး အနက်ထားပြီး ဆောင်ရွက်သင့်ပါတယ်။

သတိပြုဆင်ခြင်ရင်း သင်ခန်းစာများဖော်ထုတ်

အခြေအမြစ်မရှိတဲ့ အကြောင်းအရာ အချက်အလက်တွေပေါ်မှာ အခြေတည်ဖြစ်ပေါ်လာတဲ့ သံသယစိတ်လေးတွေဟာ အမုန်းတရား အဖြစ် ပြောင်းလဲသွားတတ်ပုံတွေ၊ အာဃာတ မီးတောက် ကြီးတွေအဖြစ် ပြောင်းလဲပြီး တငွေ့ငွေ့လှိုက်အူ လောင်ကျွမ်းသွား တတ်ပုံတွေ၊ ယထာဘူတကျကျ မသုံးသပ်နိုင်ဘဲ ကိုယ့်တစ်ဖက်တည်းရဲ့ အမြင်နဲ့ စိတ်ရိုင်းဝင်သမျှ ကျူးလွန်လိုက်ကြတဲ့ အဖြစ်မျိုးတွေဟာ ကိုယ့်အတွက်ရော၊ သူတစ်ပါးအတွက်ပါ အထိနာတဲ့ ဆိုးကျိုး တွေဖြစ်ပေါ်လာနိုင် ပုံတွေ၊ လက်နက်အားကိုးပြီး အကြမ်းဖက်တဲ့နည်းနဲ့ ဖြေရှင်းလိုက်တဲ့ ဖြေရှင်းချက်ဟာ ဘယ်ဘက်ကမှ ကောင်းကျိုးမပေးတဲ့ ရလဒ်တွေကိုသာ ရနိုင်ပုံတွေ၊ ကိုယ့်အသက် ကိုယ်တောင်အန္တရာယ် ပြုနိုင်လောက်တဲ့ လုပ်ရပ်ဆိုးမျိုးဟာ တစ်ခါတစ်ခါ ကျတော့ တကယ့်ရန်သူ အစစ်တွေဆီက မလာဘဲ ကိုယ့်အနီးအနားမှာ မိတ်ဆွေဟန်ဆောင်ထားသူတွေဆီက မမျှော်လင့်ဘဲ ရောက်လာ တတ်ပုံတွေ စသည်အားဖြင့် ဒီလိုအချက်တွေကိုလည်း လေးနက်စွာ ဆင်ခြင်သုံးသပ်ပြီး အနာဂတ်အတွက် ဘယ်လိုသင်ခန်းစာတွေ ဖော်ထုတ်ရယူနိုင်မလဲ ဆိုတာကို သေသေချာချာ ရှာဖွေဖော်ထုတ် ယူကြရမှာပါ။

ခေါင်းဆောင်ကြီးတွေ ကြုံခဲ့ကြတဲ့အဖြစ်လိုမျိုး နောင်ဘယ်တော့မှ မဖြစ်ပွားအောင် အားလုံးက သတိကြီးကြီး ထားပြီး ကာကွယ်ကြဖို့ လိုမှာပါ။ ကိုယ်ဟာ အားလုံးအတွက် ကောင်းရာကောင်းကျိုး လုပ်ဆောင်နေတာပဲဆိုပြီးတော့ ကိုယ့်ကိုဘယ်သူမှတော့ အမုန်းပွား ရန်ပြုကြမှာ မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ စိတ်နှလုံး ဒုန်းဒုန်းချ မနေဖို့ အရေးကြီးတဲ့ အချက်ကိုလည်း သွားတွေ့နိုင်ပါတယ်။ အန္တရာယ်က မထင်မှတ်တဲ့ နေရာကနေ ရုတ်တရက် ဝင်ရောက်လာနိုင်တယ် ဆိုတာတွေ၊ မှန်တာတွေ ကို ဘယ်လောက်ပဲလုပ်လုပ်၊ ကောင်းတာ တွေကို ဘယ်လောက်ပဲလုပ်လုပ်၊ အဲ့ဒီမှန်ခြင်း၊ ကောင်းခြင်း တွေရဲ့ အကျိုးဆက်ကို မခံယူလိုတဲ့ပုဂ္ဂိုလ်တွေ၊ ကောင်းတာလုပ်သူကို မလိုလားတတ်တဲ့ မကောင်းတဲ့ သူတွေရှိနေတတ် ပုံတွေ၊ တစ်ဖက်တည်းတီးလည်း မြည်တတ်တဲ့လက်ခုပ်မျိုး ရှိတတ်ပုံတွေ ဒါတွေကို ကောင်းကောင်းကြီးသတိပြုဆင်ခြင်ပြီး ရှေ့လျှောက်မယ့် ခရီးလမ်းအတွက် သင်ခန်းစာတွေ ဖော်ထုတ် သင့်ပါတယ်။

ပေါ့ဆခြင်းမှန်သမျှဟာ ဘယ်လောက်သေးငယ်တဲ့ အမှတ်တမဲ့ပေါ့ဆခြင်းမျိုးပဲဖြစ်ဖြစ် အထိနာတဲ့ ရလဒ်ဆိုးမျိုး ဖြစ်ပေါ်လာတတ်ပုံတွေကိုလည်း ကောင်းကောင်းကြီး သတိထားပြီး လုပ်ကိုင် ဆောင်ရွက်သမျှ လုပ်ရပ်တိုင်းမှာ၊ ကိုယ်လှမ်း လိုက်တဲ့ ခြေလှမ်းတိုင်းမှာ သတိသမ္ပဇဥ် ဉာဏ်နဲ့ယှဥ်ပြီး ဆောင်ရွက်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါလေး မှားလိုက်တဲ့အမှားဟာ ဘယ်အတိုင်းအတာအထိ အထိနာသွားစေနိုင်တယ် ဆိုတာကို သတိပြုပြီး အနာဂတ်ခြေလှမ်း တိုင်းမှာ ဒီအဖြစ်မျိုးနဲ့ ထာဝရ ဝေးစေနိုင်ဖို့အတွက် သင်ခန်းစာဖော်ထုတ်ပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာ ဆောင်ကြရမှာ ဖြစ်ပါတယ်။ ယူမှရမယ့်သင်ခန်းစာက ယူကိုယူမှဖြစ်မှာပါ။

တတိယတစ်ချက်က ခေါင်းဆောင်ကြီးတွေ မြင်ချင်ခဲ့ကြ တဲ့တိုင်းပြည်ကို ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့အတိုင်း ဖန်တီးပုံဖော်ရေးလုပ်ငန်းစဥ် တွေမှာ တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြဖို့ ဖြစ်ပါတယ်။ အာဇာနည်ကြီး တွေ သွေးမြေကျခဲ့ရတဲ့ အဖြစ်ကနေတစ်ဆင့် နောင်အနာဂတ်မှာ တိုင်းပြည် ကောင်းစားရေးအတွက် ဘယ်လိုဘယ်ပုံ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်ကိုရှာပြီး တွေ့ရှိလာတဲ့ အသိတရားအတိုင်း အလေးအနက် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။

ခေါင်းဆောင်ကြီးတွေ သွေးမြေကျခဲ့ရတာ အခုဆိုရင် နှစ်ပေါင်း ၇ဝ ကျော်လို့ နှစ်နှစ်တောင်စွန်းခဲ့ပြီ။ ဒီအချိန်မှာ ကိုယ့်တိုင်းပြည်ဟာ ခေါင်းဆောင်ကြီးတွေ မြင်ချင်ခဲ့တဲ့ ပုံစံအတိုင်း၊ ခေါင်းဆောင်ကြီးတွေ ဖြစ်စေချင်ခဲ့ကြတဲ့ ဖြစ်ရပ် တွေအတိုင်း ပုံပေါ်နေပြီလား၊ ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ လမ်းစဥ်အတိုင်း တစ်သဝေမတိမ်း လျှောက်လှမ်းနေဖြစ် ကြပြီလားဆိုတဲ့ အချက်ကိုလည်း သုံးသပ်ဆင်ခြင်သင့်ပါတယ်။ လွဲနေတာလေးတွေတွေ့ရင် တတ်နိုင်သမျှ တည့်မတ်ယူကြရမှာ ဖြစ်ပါတယ်။

သူတို့ကိုချစ်ရင် သူတို့စကားနားထောင်

သူတို့ကိုချစ်တယ်ဆိုရင် သူတို့စကားကို နားထောင်ကြရမှာဖြစ်ပါတယ်။ သူတို့ကိုလေးစားတယ်ဆိုရင် သူတို့ချပေးခဲ့တဲ့ လမ်းစဥ်တွေအတိုင်း လျှောက်လှမ်းကြဖို့ လိုအပ်ပါတယ်။ သူတို့ကို ရင်ထဲကသတိရ နေတယ်ဆိုရင် သူတို့ဖြစ်စေချင်ခဲ့တဲ့ တိုင်းပြည်ရဲ့ရုပ်လုံးကို ကိုယ်စွမ်းနိုင်ရာဘက်က ဝိုင်းဝန်းဖန်တီး ပုံဖော်ပေးကြရမှာဖြစ်ပါတယ်။

ဒီအချိန်ဟာ ဘာလုပ်ရမယ့်အချိန်လဲ၊ တွဲလက်တူညီ ပြည်သစ် တည်ရမယ့် အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘာအရေးကြီး သလဲ။ ခေါင်းဆောင်ကြီးတွေရဲ့ တိုင်းပြည်တည်ဆောက်ရေး အမွေကို ခံယူထားသူတွေက မျိုးဆက်သစ်တို့ရဲ့ လက်ထဲကို ကောင်းမွန် မှန်ကန်တဲ့ အခြေအနေတွေ ဖန်တီးပေးထားပြီဖြစ်တဲ့ တိုင်းသစ်ပြည် သစ်တစ်ခု လက်ဆင့်ကမ်း အမွေပေးထားခဲ့ နိုင်ဖို့အတွက် အင်တိုက်အားတိုက်ကြိုးပမ်းပုံဖော်နေကြတဲ့ အချိန်မှာ ကိုယ်စွမ်းနိုင်ရာ ဘက်က ဝိုင်းဝန်းလက်တွဲ ဖော်ဆောင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဥ်ကြီးအောက်မှာ နိုင်ငံ့ခေါင်းဆောင် ကြီးတွေနဲ့အတူ တိုင်းရင်းသားခေါင်းဆောင်အားလုံး လက်တွဲကြိုးပမ်း နေတဲ့အချိန်မှာ နိုင်ငံသားတစ်ဦး အနေနဲ့ ကိုယ်စွမ်းနိုင်ရာဘက်က ပံ့ပိုးဆောင်ရွက်နိုင်ဖို့ လိုပါတယ်။ မပံ့ပိုးမကူညီနိုင်ဘူး ဆိုရင်တောင်မှ ဒီလမ်းစဥ်ကြီး အတွက် အဟန့်အတား ဖြစ်စေမယ့်လုပ်ရပ်မျိုးကို မဆောင်ရွက်လိုက်မိဖို့ လိုအပ်ပါ တယ်။

နှစ်ပေါင်း ၇ဝ ကျော် အတိတ်က နှောင့်ယှက်သူ တစ်ယောက်ကြောင့် တိုင်းပြည်ဟာ ဗုန်းဗုန်းလဲ ပြိုကျပြီးခဲ့ပြီ။ ကိုယ့်လက်ထက်မှာ ကိုယ့်ကြောင့် နည်းနည်းလေးပဲဖြစ်ဖြစ် အဟန့်အတားအနှောင့် အယှက် ဖြစ်မသွားဖို့ အရေးကြီးတဲ့အကြောင်း ကောင်းကောင်းကြီး သတိပြု ဆင်ခြင်ဖို့ လိုမှာပါ။ တိုင်းပြည်တည်ဆောက်ရေးမှာ ကိုယ်က အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေသလား။ ဒါဆိုရင် သိပ်ကိုအားရကျေနပ်ဖွယ် ကောင်းပါတယ်။ တိုင်းပြည်ရဲ့ ခြေလှမ်းတိုင်း မှာ ပါဝင်အားဖြည့် ကူညီခွင့် ရတဲ့အတွက် တကယ့်ကို နှစ်သက်ဝမ်းမြောက်ဖွယ် ကောင်းပါတယ်။ ကိုယ်ကတိုင်းပြည် တည်ဆောက်ရေးအတွက် သိပ်အရေးမပါဘူးလို့ ခံယူထားမိသလား။ ဒါဆိုရင်လည်း အားငယ်စရာ မရှိပါဘူး။ တိုင်းပြည်ရဲ့အရေးကို ဒီတိုင်းပြည်မှာ နေထိုင်သူတိုင်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက် နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာကို သတိမူသင့်ပါတယ်။ ခေါင်းဆောင်ကြီးတွေ လျှောက်တဲ့လမ်းမှာ ပါဝင်အားဖြည့်ဖို့ မစွမ်းနိုင်သေးဘူးဆိုရင်တောင်မှ အဟန့်အတားတစ်ခုဖြစ် မသွားအောင်တော့ သတိထားရှောင်ကြဥ်သင့်ပါတယ်။

အမုန်းပွားစေမည့် စကားများရှောင်ရှား

ဘာတွေသတိထားရမလဲ။ ငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေး ဆောင်ရွက်နေချိန်ဖြစ်တဲ့အတွက် တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ကြားမှာ အမုန်းပွားစေမယ့် စကားလေးတွေကို မပြောမိအောင် ရှောင်ကြဥ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီကနေ့ လူမှု ကွန်ရက်တွေ အားကောင်းလာတဲ့အချိန်မှာ ဟိုအဖွဲ့ ကတော့ ဘာဖြစ်နေတယ်၊ ဒီအဖွဲ့ကဖြင့် ဘယ်နေရာမှာ ဘာမှဟန်မကျဘူး၊ ဟိုနောက် တစ်ဖွဲ့ကျ တော့ ဘယ်နေရာမှာ ဘာတွေလုပ်နေတာက ဘယ်သူတွေကို အန္တရာယ်ပေးချင်လို့ ဖြစ်မယ်၊ ဘယ်သူတွေကတော့ဖြင့် နည်းနည်းလေးမှကို ယုံကြည်စရာမကောင်းဘူး စသည်အားဖြင့် ကိုယ့်စိတ်ထင်ရာတွေ ရေးရေးတင်လေ့ရှိကြတော့ ဒီဟာတွေကို ဖတ်ရှုတဲ့သူက များများလား၊ ဖတ်တဲ့သူ အချင်းချင်း၊ ပြန်လည်မှတ်ချက် ပြုတဲ့ သူအချင်းချင်း မင်းတို့ကဘာဖြစ်တယ်၊ ငါတို့က ဘာဖြစ်တယ်နဲ့ အပြန်အလှန်အချင်းများ၊ အမုန်းတွေ ပွားနေကြရတာတွေ ဟာလည်း တကယ်တော့ ရင်ကြားစေ့ရေးကို အတိုင်းအတာ တစ်ရပ်အားဖြင့် ထိခိုက်မှုရှိစေနိုင်ပါတယ်။ ဒီလုပ်ရပ်မျိုးကို တတ်နိုင်သမျှ ရှောင်ကြဥ်ကြရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီအချိန်ဟာ တိုင်းပြည်အတွက်အရေးကြီး နေချိန် လည်းဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကို တိုင်းရင်းသားအားလုံးရဲ့ လက်တွဲဖန်တီးမှုနဲ့သာ တည်ဆောက် နိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသားလို့ဆိုရာမှာ ဒီနိုင်ငံမှာရှိကြတဲ့ နိုင်ငံသားတိုင်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား တစ်ဦးချင်းတစ်ယောက်ချင်းစီဟာ တိုင်းပြည် တည်ဆောက်ရေးအတွက် အရေးပါအရာရောက်တဲ့ သူတွေချည်း ဖြစ်တယ်ဆိုတာကို သတိထားပြီး ကိုယ့်တန်ဖိုး ကိုယ်ကောင်းကောင်း နားလည်ခြင်းအားဖြင့် ခေါင်းဆောင်ကြီးများ မျှော်မှန်းခဲ့ကြတဲ့ တိုင်းသစ်ပြည်သစ် ထူထောင်ရေးမှာ တတ်စွမ်းသမျှ အားဖြည့်ကူညီကြရမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်ကြီးတွေ သွေးမြေကျခဲ့ရတဲ့အချိန်တွေကို ပြန်ပြောင်း အောက်မေ့ရင်းနဲ့ ယူရမယ့် သင်ခန်းစာတွေကို ယူပြီးကူရမယ့် ကဏ္ဍတွေကို တတ်စွမ်းသမျှ ကူညီအားဖြည့်ကြရင်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ မျှော်လင့်ခဲ့တဲ့အနာဂတ်ကို အတူတကွ ဖန်တီးပုံဖော်ပေးနိုင်ကြပါစေလို့ ဆန္ဒပြု ဆုမွန်တောင်းလိုက်ရပါတယ်။ 
 
သိုက်စိုးထွန်း(နတ်ရွာ)

    နိုင်ငံတစ်နိုင်ငံရဲ့ အရေးကြီးဆုံးသော အခန်းကဏ္ဍတွေထဲမှာ ပညာရေးဆိုတာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလို နည်းပညာဖွံ့ဖြိုးနေတဲ့ ၂၁ရာစုခေတ်မှာဆို ပိုတောင်ဆိုးတာပေါ့ သင်ယူစရာတွေ ပိုများလာသလို ကျောင်းသားတွေကလည်း ပိုတော်လာကြတယ်၊ ပိုလေ့လာကြတယ်၊ ပိုပြီး အမြင်ကျယ်လာကြတယ် ပြောရရင် တကယ့်ကို အပြိုင်အဆိုင်ပါပဲ။ ကျောင်းသားတွေ ပိုကြိုးစားလာလေလေ သူတို့အတွက် ပညာရေးအခွင့်အလမ်းတွေ၊ အပေါ်ကိုရောက်နိုင်မယ့် လှေကားထစ်တွေ ပိုများလာလေလေပါ။ ဒီလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကရော ဘယ်လိုဖြစ်နေလဲ???

အင်းပေါ့ ကိုယ်တွေနိုင်ငံရဲ့ စနစ်ကို တခြားနိုင်ငံကြီးတွေနဲ့ ယှဉ်လို့တော့ မရဘူးပေါ့ ပြီးတော့ အခွင့်အလမ်းတွေလည်း နည်းပါးတယ်လေ။ ပညာရေးစနစ်က ပြောရရင် copy and paste လိုပါပဲ ပေးထားတဲ့စာတွေကို ကျက်တယ်၊ အလွတ်မှတ်တယ် ပြီးရင် စာမေးပွဲမှာ ကျက်ခဲ့သမျှ အိတ်သွန်ဖာမှောက် ဖြေရတယ် ဒီစာကို ကျောင်းသားနားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေပေါ့။ ဒီလိုနဲ့ ကျောင်းသားမှာ ဆက်စပ်စဉ်းစားနိုင်စွမ်း၊ တွေးတောကြံဆနိုင်စွမ်းတွေ နိမ့်ကျလာတယ် အဲ့ဒီအစား copy/paste လုပ်ဖို့တွေ ပိုပိုပြီး ဝန်ပိလာတယ်လေ။ ဒါမြန်မာနိုင်ငံက လူငယ်အားလုံးသိကြတဲ့ အမှန်တရားတစ်ခုပါပဲ။

ဒါပေမယ့် ဒီတစ်ခါ ပညာရေးစနစ်ဆိုတာထက် နည်းနည်းလေး ဖောက်ထွက်ပြီး စဉ်းစားကြည့်ရအောင်။ ပညာရေးစနစ်ကို ယှဉ်ကြည့်တာထက် ကျောင်းသားတွေရဲ့ အားထုတ်မှုချင်း ယှဉ်ကြည့်မယ်။ ဘာလို့ဆို အဓိက ဒီလိုကိစ္စမျိုးမှာ ခေတ်စနစ်ကို အပြစ်တင်တာပိုများပြီး ကိုယ့်ရဲ့အားထုတ်မှုက ဘယ်လိုဖြစ်နေလဲ ဆိုတာ သတိမပြုမိကြတာ များပါတယ်။ ကဲ စဉ်းစားကြည့်မယ် ပညာရေးစနစ်က ဒီလိုဖြစ်နေပေမယ့် ကျောင်းသားတွေဘက်ကရော နားလည်ဖို့ ကြိုးစားကြသလားဆိုတာပါ။ ပညာရေးအပိုင်းမှာ ဆရာတွေကို အပြစ်ဖို့ချင်တယ်ဆိုရင်တော့ ကျောင်းသားတွေကို တကယ်စေတနာထားပြီး ဆရာကောင်း ပီသသူတွေမှ အများကြီးပါပဲ။
ရလဒ်ကိုပဲ အခြေခံပြီး ကြည့်မယ်ဆိုရင် တကယ်တော်တဲ့ ကျောင်းသားတွေ ရှိတယ်၊ တကယ်ကြိုးစားတဲ့သူတွေ ရှိတယ်၊ တကယ်အောင်မြင်သွားတဲ့ သူတွေလည်း ရှိတယ်။ ဒါဖြင့် ကွာခြားမှုက ဘာလဲ။ ပညာရေးစနစ်တစ်ခုတည်း အောက်မှာကို ဘာလို့တစ်ချို့ လူငယ်တွေကျ ပိုအောင်မြင်ပြီး ပိုတော်နေရသလဲ။ အများအားဖြင့် ပြဿနာက ကြိုးစားချင်စိတ်မရှိတာပါ။ သူတို့လို လိုက်ပြီး အောင်မြင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းမှာ အားသာချက် အားနည်းချက်ရှိတယ် တစ်ယောက်နဲ့ တစ်ယောက်လည်း အောင်မြင်တဲ့နေရာချင်း၊ အောင်မြင်ပုံချင်း မတူနိုင်ဘူးလေ။ အညာဒေသဘက်တွေမှာဆို ပိုတောင်ဆိုးတာပေါ့။ ကျောင်းသားအများစုက ကြိုးစားချင်စိတ်မရှိကြဘူး၊ ဘဝကို ကြိုက်သလိုလေလွင့်ကြတယ် ပညာရေးစနစ်က မကောင်းဘူး၊ ဘာမှအခွင့်အလမ်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ တကယ်တော့ ဒါအကြောင်းပြချက်သက်သက်ပါပဲ။ လေလွင့်ပြီး အချိန်ဖြုန်းနေတာ ကိုယ်ကိုယ်တိုင်ပဲလေ ဒီလိုပုံစံနဲ့ဆိုရင်တော့ ဘယ်တော့မှ တိုးတက်နိုင်မှာ မဟုတ်ပါဘူး။
ပညာရေးအခွင့်အလမ်း နည်းတာတော့ မှန်ပါတယ် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်ပေါ့ ဒါပေမယ့် လုံးဝကြီး မရှိတာတော့ မဟုတ်ဘူးလေ။ ၂၁ရာစုမှာတော့ အရင်ကနဲ့စာရင် အများကြီး တိုးတက်လာသလို ပညာရေးပိုင်းမှာ အခွင့်အလမ်းတွေကော များလာတာအမှန်ပါ။ အညာဒေသဘက်တွေမှာလည်း အဲလိုပါပဲ အပေါ်ကိုတက်နိုင်မယ့် လှေကားနည်းတာတော့ မှန်ပေမယ့် တက်ဖို့လှေကားလုံးဝမရှိတာတော့ မဟုတ်ပါဘူး။ အညာဒေသဘက်ကနေ တစ်ချို့လူငယ်လေးတွေ အပေါ်ကို ရောက်လာတဲ့သူတွေ၊ အပေါ်ကို ဖြည်းဖြည်းချင်းတက်နေတဲ့သူတွေ အများကြီးပါ။ သူတို့ကကျ ရှိတဲ့အခွင့်အရေးကို ရအောင်ကြိုးစားတယ်၊ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားတယ်လေ။ ဒါပါပဲ အဖြေက ပညာရေးစနစ်မကောင်းလို့ ဆိုတာတင်မဟုတ်ဘဲ ကျောင်းသားတွေရဲ့ စိတ်အားထက်သန်မှု၊ ကြိုးစားမှု၊ လေ့လာအားထုတ်မှုတွေနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။

နိုင်ငံခြားနဲ့ ယှဉ်ချင်လှပါတယ်ဆိုရင် သူတို့ဘယ်လိုကြိုးစားကြလဲ၊ ဘယ်လောက်လေ့လာလဲ၊ စာဘယ်လောက်ဖတ်လဲ၊ သူတို့သင်ယူနေတဲ့အရာကို ဘယ်လောက်ထိ နားလည်ဖို့ ကြိုးစားလဲ စဉ်းစားကြည့်ပါ။ ကိုယ်ရော ပုံမှန်စာဖတ်ဖြစ်ရဲ့လား၊ ကိုယ်သင်ယူနေတာကို တကယ်နားလည်ရဲ့လား နားလည်ဖို့ရော ကြိုးစားရဲ့လား ဒီနေရာမှာ နားလည်ဖို့ ကြိုးစားတယ်ဆိုတာ စာအုပ်ကိုပဲ ထိုင်ဖတ်နေပြီး ဘယ်လောက်ဖတ်ဖတ် နားမလည်ဘူးလို့ ညည်းခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ်သင်ယူနေတဲ့ အရာနဲ့ ပက်သက်ပြီး လေ့လာရမယ်၊ ပိုဖတ်ရမယ်၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ရမယ်၊ မေးခွန်းတွေ မေးရမယ် ၁နဲ့၁ ပေါင်းလို့ ၂ရတယ်ဆိုတာ သိရင် တခြားဘယ်လိုနည်းနဲ့ ၂ရနိုင်သေးလဲ လေ့လာဖို့က ကိုယ့်တာဝန်ပါ။ ကိုယ်က ကျောင်းသားတစ်ယောက်ဆို ကျောင်းသားတာဝန်ကျေဖို့ ကြိုးစားရပါမယ်နော်။ ကျောင်းသားတာဝန်ကလည်း ကြီးပါတယ် ကျောင်းသွားပြီး ဆရာသင်တာ နားထောင်နေရုံ မဟုတ်ပါဘူး။ ဒါ့ကြောင့် ဘယ်အရာတွေက ကိုယ့်တာဝန်လဲဆိုတာလည်း သိဖို့ ကြိုးစားစေချင်ပါတယ်။

ပညာရေးနဲ့ ပက်သက်ပြီး၊ ကိုယ့်ရှေ့ရေးတိုးတက်ဖို့နဲ့ ပက်သက်ပြီး ပညာရေးစနစ်မကောင်းလို့၊ ဆရာအသင်အပြ မကောင်းလို့ ဒါတွေထက် ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ လိုအပ်မှုတစ်ခုခုအပေါ် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်တာမျိုးထက် တခြားသူကို လက်ညိုး ပိုထိုးတတ်ကြတာမို့လား။ ဒီလိုဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် မြင်နိုင်မှာ မဟုတ်ပါဘူး။ အရင်ဆုံး ကိုယ်ကိုယ်ကိုယ် မြင်ဖို့ အရေးကြီးပါတယ်။ ပြီးမှ ကိုယ်ဘယ်မှာရပ်နေလဲ၊ ဘယ်နေရာသွားရမလဲ ကြည့်ရမှာပါ။ ဒါအပေါ်ရောက်ဖို့ အရိုးရှင်းဆုံးသော နည်းလမ်းတစ်ခုပါပဲ။

အားလုံးပဲ အခွင့်အရေးတွေကို အသုံးချနိုင်ပြီး အောင်မြင်တဲ့လမ်းကို လျှောက်လှမ်းနိုင်ကြပါစေ။
“ငါတော်တော်အသုံးမကျတာပဲ၊ ငါက အပိုလူတစ်ယောက်ပဲ၊ ငါမရှိရင်တောင် ကောင်းဦးမယ်၊ ငါက အားလုံးအတွက် ဒုက္ခတစ်ခုပဲ၊ ငါက ဘာအရည်အချင်းမှ မရှိဘူး” အဲလို စကားလုံးမျိုးတွေ ရေရွတ်ခဲ့ဖူးလား။ ပြောဖူးကြလောက်မှာပါ လူငယ်လေးတွေရဲ့ ကြုံနေကျ အဆိုးဆုံးခံစားမှုတွေထဲက တစ်ခုပဲလေ။ ဒီလို အချိန်မျိုးမှာ ကိုယ်က တကယ့်အပိုလူတစ်ယောက်၊ မိသားစုတွေကို ဒုက္ခပေးနေတဲ့သူတစ်ယောက်၊ အဖြစ်မရှိတဲ့သူတစ်ယောက် ပြောရရင် ရှင်လျက်နဲ့ သေလူတစ်ယောက်လိုပဲ။ မျှော်လင့်ချက်ဆိုတာ တစ်စွန်းတစ်စလေးတောင် မရှိတဲ့အချိန်ပေါ့။
ပြောရရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာမျိုးတွေ၊ စိတ်ကျရောဂါတွေရဲ့ မူလအစထဲမှာ ဒီအကြောင်းအရင်းလည်း တစ်ခုအပါအဝင်ပါပဲ။ လူငယ်တွေအနေနဲ့ ဖြတ်ကျော်ဖို့ အရမ်းခက်ခဲတဲ့ ခံစားမှုတစ်ခုလေ။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် အပိုလူတစ်ယောက်အဖြစ်၊ အသုံးမကျတဲ့သူတစ်ယောက် အဖြစ် ခံစားနေရတာ ဘာလို့လဲ။ တစ်ခုရှိတာက မျှော်လင့်ချက်သိပ်ကြီးလွန်းတာပါ တစ်ခါတစ်လေ လောဘများလွန်းသွားတာပေါ့။ ကိစ္စတစ်ခုခုအပေါ် ကိုယ့်မျှော်လင့်ချက်ကြီးလွန်းသွားတဲ့အခါ ဒါပေမယ့် မျှော်လင့်ထားသလို မှန်းထားသလို ဖြစ်မလာတဲ့အခါ ကိုယ်ကအသုံးမကျတာပဲ၊ အရည်အချင်းမရှိတဲ့သူပဲ ဆိုတဲ့ခံစားချက်မျိုး ဝင်လာရောလေ။
ပြီးတော့ နောက်တစ်ခုက ကိုယ်လုပ်နိုင်ခဲ့တာတွေ၊ ကိုယ့်ရဲ့အောင်မြင်မှုတွေကို အသိအမှတ်မပြုတာပေါ့။ ဘယ်လောက်ပဲသေးငယ်တဲ့ အောင်မြင်မှုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖို့ လိုပါတယ်။ အဲလို အသိအမှတ်ပြုတာမျိုး မရှိဘူးဆိုရင် ဘဝမှာ ကိုယ်က တစ်ခါမှ မအောင်မြင်ခဲ့သလို၊ အမြဲကျရှုံးနေသူ တစ်ယောက်လိုလို၊ ဝန်ထုပ်ဝန်ပိုးတစ်ယောက်လိုလို ခံစားရမှာအမှန်ပါ။ ဒီလိုမနေပါနဲ့ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုစမ်းပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အထင်မသေးပါနဲ့။ အောင်မြင်မှုတွေ လုပ်နိုင်တာတွေ ဆိုလို့ အရမ်းကို ကြီးမားတာမျိုးတွေ သွားပြီးစိတ်ကူးမယဉ်နေဖို့ မလိုပါဘူး။ တစ်ယောက်ယောက်ကို အားပေးစကား ပြောခဲ့ဖူးတာလေးတွေ၊ စိတ်ရင်းနဲ့ ကူညီခဲ့တာလေးတွေ၊ တစ်ယောက်ယောက်ကို ပျော်အောင် လုပ်ပေးခဲ့တာလေးတွေ ဒါတွေအားလုံးကလည်း အောင်မြင်မှုတွေထဲ အပါအဝင်ပါပဲ။ ကိုယ့်ရဲ့ ကောင်းတဲ့ အချက်လေးတွေက ကိုယ့်ရဲ့အောင်မြင်မှုတွေပါ။ မြင်တတ်ဖို့ လိုပါတယ်နော်။
ဒီတစ်ခုကိုလည်း သတိရစေချင်ပါတယ် ကိုယ်က သူရဲကောင်းတစ်ယောက် မဟုတ်ပါဘူး။ အရာအားလုံးကို ကိုယ့်ပုခုံးပေါ် ထမ်းထားနိုင်မှာလည်း မဟုတ်သလို တာဝန်လည်း မယူနိုင်ပါဘူး။ တစ်ခါတစ်လေ ရှုံးနိမ့်သွားတာတွေ ရှိမယ်၊ တစ်ခါတစ်လေ လက်လွတ်ဆုံးရှုံးလိုက်ရတာတွေလည်း ရှိမယ်၊ တစ်ခါတစ်လေ မှားယွင်းသွားတာတွေ ရှိမယ် အင်း တစ်ခါတစ်လေပေါ့ အဲလိုလေးတွေရှိတယ်။ အဲ့ဒါကလည်း ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး ဒီကမ္ဘာပေါ်မှာ ရှိတဲ့လူတိုင်းပါပဲ။ သိရဲ့လား သူကတော်လိုက်တာ သူ့လိုဖြစ်ချင်လိုက်တာဆိုပြီး ကိုယ်နှိုင်းယှဉ်နေခဲ့မိတဲ့သူက သူ့ကိုယ်သူလည်း တခြားသူတစ်ယောက်နဲ့ နှိုင်းယှဉ်နေနိုင်တာပဲ။ တခြားလူတစ်ယောက်ကို သူအားကျနေနိုင်တာပဲ ဘယ်သူသိမှာလဲ။ ဒါပဲလေ လူတိုင်း မပြည့်စုံကြပါဘူး။ ကိုယ်ကလွဲလို့ တခြားသူတွေက အရည်အချင်းရှိတဲ့သူတွေချည်း မဟုတ်ပါဘူး။ မမှားဖူးတဲ့ သူလည်း မရှိဘူး။
ဘဝက နေတတ်ရင် ပျော်စရာကြီးပါတဲ့။ မှန်ပါတယ် နေတတ်ရင် ပျော်ဖို့ကောင်းပါတယ်။ ပြီးတော့ နေတတ်အောင်လည်း ကြိုးစားရမှာပါ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းကို ကိုယ်ပဲ ဖန်တီးတာလေ။ အသုံးမကျဘူးလို့ ခံစားနေရတယ်ဆိုတာလည်း ကိုယ်ကပဲ တွေးလို့ ဒီလိုခံစားနေရတာမို့လား။ တရားခံက ကိုယ်ပဲပေါ့။ ဒီလိုခံစားမိလို့လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ လူတိုင်းနီးပါး ခံစားဖူးကြပါတယ်။ တစ်ခါတစ်လေ ခက်ခဲလွန်းရင် မွန်းကြပ်လွန်းရင် ငိုချလိုက်လို့လည်း ရပါတယ်။ အဲလိုပဲ လွှတ်ချတတ်အောင် ကြိုးစားရတာပါပဲ။ ကိုယ်တိုင်ကပဲ ကိုယ့်ရဲ့ခံစားချက်တွေကို ဖြေလျှော့တတ်အောင်၊ လွှတ်ချတတ်အောင်၊ ပျော်ရွှင်လာအောင်၊ ဘဝမှာ နေတတ်အောင် ကြိုးစားရမှာပါ။
ဒါ့ကြောင့် မျှော်လင့်ချက်မဲ့နေတဲ့အခါ၊ အသုံးမကျတဲ့လူတစ်ယောက်လို ခံစားနေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အပြစ်မမြင်ပါနဲ့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့အောင်မြင်မှုတွေ၊ အားသာချက်တွေကိုတော့ ဘယ်တော့မှ မမေ့လိုက်ပါနဲ့။ အဲ့ဒါတွေမေ့ပစ်လိုက်ရင် မျှော်လင့်ချက်ဆိုတာ တကယ်ကြီး လုံးဝပျောက်ကွယ်သွားမှာပါ။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုပါနော်။ ပြီးတော့ သူရဲကောင်းလုပ်စရာလည်း မလိုပါဘူး အရမ်းလည်း မျှော်လင့်ချက်မကြီးပါနဲ့။ ပုံမှန်အတိုင်းလေးပဲ မြင်တတ်အောင် ကြိုးစားပါ မဟုတ်ရင် ကိုယ်ပဲထိခိုက်ဖို့ များပါတယ်။ ကိုယ်က ဒီကမ္ဘာမှာ အတော်ဆုံးလူတစ်ယောက်လည်း မဟုတ်သလို လုံးဝအသုံးမကျတဲ့သူတစ်ယောက်လည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့ လူတွေထဲက လူတစ်ယောက်ပဲလေ ဒါကိုမှတ်ထားပါနော်။
အားလုံးပဲ ကိုယ်ကိုယ်တိုင်အပေါ် အမြင်တွေ ပြောင်းလဲနိုင်ကြပါစေ။